ရန်ကုန် ၊ဒီဇင်ဘာ ၃၀ ။ ။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသရှိ ရဲစခန်း ၃ ခု တိုက်ခိုက်မှုဖြစ်စဉ်၌ ပါ၀င်ခဲ့သူဟု ယူဆရသူနှစ်ဦးကို ယမန့်နေ ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေက မောင်တောမြို့နယ် ကျီးကန်းပြင် (အနောက်)ကျေးရွာတွင် ဖမ်းမိခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုဖြစ်စဉ်၌ ပါ၀င်သူများသည် မောင်တောမြို့နယ် ကျီးကန်ပြင်(အနောက်)ကျေးရွာကို ပြန်လည် ၀င်ရောက်နေသည်ဟု သတင်းရရှိခြင်းကြောင့် ၀င်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး ကျီးကန်းပြင်(အလယ်)ကျေးရွာနေ ကော်ဒီမူလာနှင့် ၀ါးပိတ်ကျေးရွာနေ မာမွတ်အာလောင်တို့ကို ဖမ်းဆီးရမိခဲ့သည်။
တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါ၀င်သူနှစ်ဦးအား ဖမ်းဆီးရမိသည်ဟု သတင်းထုတ်ပြန်ထားပြီး မည်သည့်အချက်ကြောင့် တိုက်ခိုက်မှုဖြစ်စဉ်တွင်ပါ၀င်သည်ဟု ထုတ်ပြန်ထားခြင်းမရှိပေ။ အဆိုပါ ဖမ်းဆီးရမိသူနှစ်ဦးကို တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ထားသည်။