သုံးရက်ကြာ UNFC အစည်းအဝေး ဘက်ပေါင်းစုံမှဆွေးနွေးခဲ့သော်လည်း တစ်စုံတစ်ရာ ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်း မရှိ

သုံးရက်ကြာ UNFC အစည်းအဝေး ဘက်ပေါင်းစုံမှဆွေးနွေးခဲ့သော်လည်း တစ်စုံတစ်ရာ ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်း မရှိ
ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်ကျင်းပသော ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေသည့်  ဦးနိုင်ဟံသာ အား တွေ့ရစဉ်။ ဓာတ်ပုံ-ဘိုဘို

ဒီဇင်ဘာလ ၂၉ ရက်၊ချင်းမိုင်(မဇ္စျိမ)။          ။ မြန်မာနိုင်ငံ၊  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် အတူ အရပ်ဘက် လူထုအခြေပြုအဖွဲ့အစည်းများ အားလုံး ၀ုိင်းဝန်းကြိုးပမ်းသွားရန်နှင့် တပ်မတော်၏ လုံခြံုရေးဆိုင်ရာ သဘောထားအမြင်များ နားလည်မှု ရရှိခဲ့သည်ဟု UNFC ၏ ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

 ဒီဇင်ဘာလ ၂၇ ရက်မှ ၂၉ ရက်ကထိ သုံးရက်ကြာ ဆွေးဆွေးပွဲတွင် တစ်စုံတစ်ရာ ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်း မရှိသော်လည်း ဘက်ပေါင်းစုံမှ ညှိနှိုင်းဆွေးနွေးချက်များမှ ရရှိမှုများအပေါ် ဆက်လက် ဝိုင်းဝန်းရှာဖွေသွားနိုင်ရန် နည်းနာကောင်းများ၊ အကြံဉာဏ်များ ရရှိခဲ့သည်ဟု သူက သတင်းထောက်များကို ပြောသည်။

 “ဒီပွဲထဲမှာ ဆွေးနွေးတာက ငြိမ်းချမ်းရေးကိစ္စ တစ်ခုတည်း မဟုတ်ဘူး။ ဥပမာ မြေယာပြဿနာ၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြံုရေး ဆိုင်ရာပြဿနာ ဘက်ပေါင်းစုံက အကြံဉာဏ်တွေ၊ သဘောက နိုင်ငံတစ်ခုကို တည်ဆောက်တဲ့နေရာမှာ လိုအပ်တဲ့ဟာ ပေါင်း စုံက ကျွန်တော်တို့ ဗဟုသုတ ရတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုနဲ့ မြင်တွေ့နေရတဲ့ အခက်အခဲ၊ ဥပမာ တပ်မတော်ရဲ့ ရပ်တည်မှုကနေ NLDအစိုးရ ရပ်တည်မှု အနေအထား ဘယ်လိုတွေ ပြောင်းလဲသွားတယ် စသည်ဖြင့် အားလုံး အမြင်တွေ ဝေမျှနိုင်ခဲ့တယ်၊ ရလာတဲ့အပေါ်မှာ နည်းနာကောင်းတွေ ဆက်လက်ပြီးတော့ ဝိုင်းရှာသွားကြဖို့ပေါ့လေ”ဟု သူက သတင်းထောက်များကို ပြောသည်။

 “အခြေအနေကို သုံးသပ်နိုင်တာပေါ့ဗျာ။ ဥပမာ လုံခြံုရေးဆိုင်ရာတပ်တွေ သဘောထားတွေ နားလည်လာတယ်။ အစိုးရရဲ့ အနေအထားကိုလည်း ကျွန်တော်တို့ နားလည်လာတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ ဘယ်လို ဆက်လျှောက်သင့်တယ် ဆိုတဲ့ဟာကတော့ ချင့်ချိန်ဖို့ နည်းလမ်းတွေတော့ ရတာပေါ့”ဟု ပြောသည်။

 UNFC ဘက်မှ ငြိမ်းချမ်းရေး ဆွေးနွေးမှုများအပေါ် ရှင်းလင်းတင်ပြခဲ့သဖြင့် တက်ရောက်လာသူများက NCA လက်မှတ် မထိုးရသည့် အကြောင်းအရင်းများကို သိရှိနားလည်မှုများ ရရှိကြောင်း UNFC က မီဒီယာအပိုင်းတွင် အားနည်းမှု ရှိနေကြောင်းကို ဆွေးနွေးပွဲ တက်ရောက်လာသူများက ထောက်ပြ ပြောဆိုခဲ့သည်ဟု နိုင်ဟံသာက ပြောသည်။

 “သူတို့လည်း အခြေအနေကို နားလည်ပါတယ်။ သူတို့က အကြံပေးချင်တာကတော့ ကျွန်တော်တို့ လက်မှတ်မထိုးတဲ့အပေါ်မှာ တချို့ လူထုတွေကတော့ အမြင်မရှင်းဘူး။ အဲဒါ သတင်းမီဒီယာမှာ ကျွန်တော်တို့ဘက်က များများရှင်းပြပေးနိုင်ဖို့အတွက် အရေး ကြီးတယ်။ UNFC က မီဒီယာပိုင်းမှာ အားနည်းနေတယ်ဆိုတာကိုတော့ သူတို့ ပြောပါတယ်။ အကြံပေးပါတယ်”ဟု သူက ပြောသည်။

သုံးရက်ကြာ ဆွေးနွေးမှုတွင် တရားရေးပဏ္ဍိုင်နှင့် ဥပဒေ ပြုပြင်ပြောင်းလဲရေး၊ လုံခြံုရေး ကဏ္ဍ ပြုပြင် ပြောင်းလဲရေးနှင့် ရှေ့အလားအလာ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် CSO အခန်းကဏ္ဍ၊ လက်ရှိ နိုင်ငံရေးအပေါ် သုံးသပ်ခြင်း၊ ဒေသံတွင်းနှင့် နိုင်ငံတကာ မြန်မာ့အရေး လှုပ်ရှားမှု၊ သစ်တောကဏ္ဍနှင့် သဘောဝပတ်ဝန်းကျင်၊ အရပ်ဘက် အဖွဲ့အစည်းများ အခန်းကဏ္ဍနှင့် အခင်း အကျင်း၊ ပညာရေး စနစ်ပြုပြင် ပြောင်းလဲရေး အခြေအနေ၊ သယံဇာတ စီမံခန့်ခွဲရေး၊ မြေယာမူဝါဒ စသည့် ကဏ္ဍအသီးသီး၏ အခြေအနေများကို CSO၊ CBO အဖွဲ့အစည်းတို့က စာတမ်းများ တင်ပြခဲ့ကြသည်။

 ပြည်သူလူထု ရွေးချယ်ထားသည့် အစိုးရမှ တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် လိုအပ်သော်လည်း လက်ရှိ တရားစီရင်ရေးစနစ်သည် ၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာခြင်း ဖြစ်နေ၍ လူထုကို ကာကွယ်သည့် လူထုတရား စီရင်ရေး စနစ် တစ်ခု ပြောင်းလဲရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း “တရားရေးမဏ္ဍိုင်နှင့် ဥပဒေပြုပြင်ပြောင်းလဲရေး” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခဲ့သည်ဟု မြန်မာရှေ့နေများကွန်ယက် ဦးစီးကော်မတီဝင် ဦးသိန်းသန်းဦးက ပြောသည်။

 “ငြိမ်းချမ်းရေးကို သွားတဲ့အခါမှာ အဓိကအကျဆုံးကအချက်က တရားဥပဒေ စိုးမိုးရေး မရှိဘဲနဲ့ ငြိမ်းချမ်းရးလည်း မရဘူး။ ဒီမိုကရေစီလည်း မရနိုင်ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးလည်း မဖြစ်နိုင်ဘူး။ အဲတော့ ကျွန်တော်တို့ တကယ့်ကို အားကောင်းတဲ့ တရားစီရင်ရေးစနစ်တွေ၊ တရားဥပဒေ စိုးမိုးမှုဆိုတာ တရားရုံးတခုထဲကို ပြောတာ မဟုတ်ဘူး။ အစိုးရ အဖွဲ့အစည်းအသီးသီး၊ တိုင်းသူပြည်သား အသီးသီးက အကုန်လုံးက ဥပဒေရဲ့ အောက်မှာ ရှိပြီးတော့ ဥပဒေနဲ့အညီသွားရမယ်။ ဥပဒေနဲ့ မဆိုင်တဲ့ အဖွဲ့အစည်းက မြန်မာပြည်မျာ မရှိသင့်ဘူးဆိုတဲ့အချက်ကို အဓိက ပြောတယ်”ဟု သူက ပြောသည်။

 ထို့ပြင် အရပ်ဘက်စစ်ဘက် ဆက်ဆံရေးနှင့် ပတ်သက်ပြီး လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်တိုးတက်နေသည့် အရပ်ဘက် ဆက်ဆံရေးကို ယခုအချိန်မှာ တစ်ဘက်နှင့် တစ်ဘက် အားပြိုင်နေသည့် အရပ်ဘက်ဆက်ဆံရေးဟု ရှုမြင်သလို၊ လုံခြံုရေး ပြုပြင်ပြောင်းလဲမှု ကဏ္ဍမှာလည်း လက်ရှိအချိန်မှာ လုံခြံုရေး ကဏ္ဍပြုပြင်ပြောင်းလဲရေးကို ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့်အတူတွဲပြီး ပြောဆိုနေသော်လည်း အမှန်တကယ်တွင် လုံခြံုရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးသည် ပြည်ထောင်စုအဆင့်မှာ ဆွေးနွေးမည် ဖြစ်သည်။ သို့သော် လုံခြံုရေး ကဏ္ဍအဆင့်ထိ ဆွေးနွေး၊ မဆွေးနွေးဆိုသည့်အချက်သည်လည်း အငြင်းပွားစရာ ရှိနေသေးကြောင်း လုံခြံုရေးကဏ္ဍပြုပြင်ပြောင်းလဲရေးနှင့် ရှေ့အလားအလာ စာတမ်းဖတ်ကြားခဲ့သူ တကောင်းနိုင်ငံရေး လေ့လာမှု အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဆရာရဲမျိုးဟိန်းက သတင်းထောက်များကို ပြောဆိုခဲ့သည်။

 “လုံခြံုရေးဆိုတာက နိုင်ငံရေးခေါင်းဆောင်တွေ ကြီးဘဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်း တစ်ဖွဲ့လုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စပါ။ ဒီဘက်ခေတ်မှာက လုံခြံုရေး ပြောလိုက်ရင် လူသားလုံခြံုရေး ဆိုတာကို အဓိက ဦးတည်ပြီးတော့ ပြောလာကြတယ်။ ပြီးခဲ့တဲ့ ပင်လုံမှာဆိုရင်လည်း လုံခြံုရေးကို ပြောတဲ့အခါမှာ လူသားလုံခြံုရေးကို အဓိက ထားပြီး ပြောလာကြတာကို တွေ့ရ တယ်။ အဲတော့ လုံခြံုရေး ဖြစ်စဉ်မှာ ဖြစ်မြောက်ဖို့ ဆိုရင် ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ လုံခြံုရေးဖြစ်စဉ် အောင်မြင် ဖြစ်မြောက်ဖို့ ဆိုရင် အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ပါဝင်ဆောင်ရွက်မှုက အရေးကြီးတယ်။ ဒီမိုကရေစီ ရည်မှန်း ချက်ကို သွားဖို့ဆိုတဲ့ ရည်ရွယ်ချက်ကလည်း အရေးကြီးတယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့ ပြောခဲ့ပါတယ်”ဟု သူက ပြောသည်။

 လုံခြံုရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဆွေးနွေးခြင်း၊ လုံခြံုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြံုရေးကဏ္ဍ ပေါင်းစည်းခြင်းတို့ အားလုံးက ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ဒီမိုကရေစီ အသွင်ကူး ပေါင်းရေးဖြစ်စဉ်နှင့်အတူ ပူးတွဲသွားမှ အဆင်ပြေမည်ဟု ရှုမြင်ကြောင်း သူက ပြောသည်။ မြန်မာနိုင်ငံ ငြိိမ်းချမ်းရေး ဖော်ဆောင်နေချိန်တွင် ၂၀၁၆ ခုနှစ်အတွင်း ထိတွေ့မှု တိုက်ပွဲပေါင်း ၂၀၀ ကျော် ဖြစ်ပွားခဲ့သဖြင့် များပြားသည့် ပမာဏ ဖြစ်သည်ဟု သူက ပြောဆိုခဲ့သည်။

 ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် UNFC က ကမကထ ပြုလုပ်၍ လက်ရှိ ငြိမ်းချမ်းရေးအပေါ် သုံးသပ် ညှိနှိုင်းဆွေးနွေးမှုတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထိုးထားသော အဖွဲ့၊ တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)အဖွဲ့ဝင် နိုင်ငံရေးပါတီများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့ အစည်းများ၊ လူမှု အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ရ၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

UNFC က ၂၁ ရာစုပင်လုံ ညီလာခံတွင် လေ့လာသူအနေဖြင့် ဆွေးနွေးခွင့်၊ ဆုံးဖြတ်ခွင့် မရှိပါက တက်ရောက်မည် မဟုတ်ကြောင်း ယခင်ကတည်းက ဆုံးဖြတ်ထားကြောင်း၊ လာမည့် ၂၁ ရာစပင်လုံ ညီလာခံတွင်လည်း ဆွေးနွေးဆုံးဖြတ်ခွင့် ရှိမှသာလျှင် တက်ရောက်မည် ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။

 တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရ ဖွဲ့ပါဝင်သော UNFC မှ ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စား လှယ်အဖွဲ့(DPN)နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့ ပြန်လည် တွေ့ဆုံဆွေးနွေးနိုင်ရန် နှစ်ဖက် ဆွေးနွေးနေဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly