ဧရာဝတီတိုင်း လယ်ယာကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားနည်း

ဧရာဝတီတိုင်း လယ်ယာကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားနည်း
 

 ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလအထိ ဧရာဝတီတိုင်းဒေသကြီးတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုပေါင်း ၄၂ခု ရှိပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အနည်းဆုံးဖြစ်ကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှု ဦးစီးဌာနမှ သိရှိရသည်။

"နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှု မှာ စွမ်းအင်ကဏ္ဍအများဆုံးဖြစ်ပြီး ပင်လယ်ရေနံတူးတာ ကုန်းတွင်းရေနံတူးတာအများဆုံးပဲ။ ဧရာဝတီတ်ိုင်းဒေသကြီး၊ လယ်ယာစိုက်ပျိုးရေးတိုင်း လယ်ယာကဏ္ဍမှာ နည်းတယ်၊ဥပဒေ လုပ်ထုံးလုပ်နည်းစနစ်အဟောင်းအရ လယ်ယာစိုက်ပျိုးမှာ နိုင်ငံခြားသားက အပြည့်အဝရင်းနှီးလို့ မရဘူး။ ပြည်တွင်းစီးပွားလုပ်ငန်းရှင်တောင်သူလယ်သမား ၄၉ရာနှုန်း၊ နိုင်ငံခြားသားက ၅၁ ရာနှုန်းလုပ်ရတယ် ” ဟု ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူးဦးစိုးအောင်က ပြောသည်။

နောက်ပိုင်းတော့ လုပ်ထုံးလုပ်နည်းဥပဒေတွေပြင်ဆင်လာပါက ဧရာဝတီတိုင်းဒေသကြီး လယ်ယာကဏ္ဍပိုမို တိုးတက်လာပြီး လယ်ယာစိုက်ပျိုးရေး၊မွေးမြူးရေး၊ရေလုပ်ငန်းတွေမှာ  ပိုပြီးရင်းနှီးမြှုပ်နှံစေချင်ကြောင်း ညွန်ကြားရေးမှူးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွင် စွမ်းအင်၊ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူးရေးနှင့်ရေလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် ဟိုတယ်ခရီးသွားလုပ်ငန်း စုစုပေါင်း လုပ်ငန်း ၂၀ အား အမေရိကန်ဒေါ်လာ ၃၅၆.၅၃ သန်းရင်းနှီးမြှုပ်နှံထားပြီး စွမ်းအင်ကဏ္ဍအများဆုံးဖြစ်သည်။

နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွင် စက်မှုဇုန်တည်ဆောက်ရေးလုပ်ငန်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့်အခြားလုပ်ငန်း ၂၂ ခု ရင်းနှီးလုပ်ကိုင်ပြီး ရင်းနှီးမှုတန်ဖိုး မြန်မာငွေ ၁၉၀ ဘီလီယံကျော်ရှိပြီး စက်မှုဇုန် တည်ထောင်ရေးလုပ်ငန်း အများဆုံးဖြစ်သည်။

ရင်းနှီးမြုပ်နှံမှုဥပဒေအသစ်တွင် တိုင်းဒေသကြီးအစိုးရမှ အမေရိကန်ဒေါ်လာ ၅ သန်းအောက် ရင်းနှီးမြုပ်နှံမှုအား လျှောက်ထားနိုင်သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်စက်မှုမြို့တော်အား တည်ဆောက်နေပြီး၊နောက်ပိုင်း စက်မှုဇုန်များ တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly