ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းအစိုးရကို အလဲဗင်း တောင်းပန်

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းအစိုးရကို အလဲဗင်း တောင်းပန်

ရန်ကုန်(ဒီဇင်ဘာ ၂၇ရက်၊ ၂၀၁၆ ခုနှစ်)။ ။ “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” ခေါင်းစဉ်ဖြင့်ဖော်ပြခဲ့သော အယ်ဒီတာ့အာဘော်တွင် ကိုးကားဖော်ပြခဲ့သည့်အချက်အလက်အချို့သည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့်ပတ်သက်ပြီး လွဲမှားသည့်အချက်အလက်များဖြစ်နေသည့်အတွက် အနူးအညွတ်တောင်းပန်ကြောင်း ဒီဇင်ဘာ ၂၇ရက်ထုတ် The Daily Eleven သတင်းစာက ဖော်ပြလိုက်သည်။

အလဲဗင်း၏ တောင်းပန်စာတွင် “မှားယွင်းဖော်ပြခဲ့သည့်အတွက် ထိခိုက်နစ်နာမှုများဖြစ်ပေါ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဆိုပါ ရေးသားဖော်ပြချက်ကြောင့် တစ်စုံတစ်ရာထိခိုက်နစ်နာမှုဖြစ်စေခဲ့သူအားလုံးကို Eleven Media Group ၏ CEO နှင့် Eleven Media Group တာဝန်ရှိသူများအနေဖြင့် နောက်နောင်တွင် ထိုသို့ မလုပ်ဆောင်ပါဟု ဝန်ခံချက်နှင့်အတူ အနူးအညွတ် ဝန်ချတောင်းပန်အပ်ပါသည်” ဟု ဖော်ပြထားသည်။

နိုဝင်ဘာ ၆ရက်ထုတ် Daily Eleven သတင်းစာပါ ရွေးကောက်ပွဲ တစ်နှစ်ကြာသော် ခေါင်းစဉ်တပ်ထားသည့် အယ်ဒီတာ့ အာဘော်တွင် “လစာဒေါ်လာ၂၅၀၀ ခန့်သာ ရှိသည့် ၀န်ကြီးချုပ်တစ်ဦး ဒေါ်လာတစ်သိန်းခန့် တန်သည့် Patek Philippe နာရီ ၀တ်ဆင်သည်ဆိုသော သတင်းက တစ်နေ့အနည်းဆုံး လုပ်ခ နှစ်ဒေါ်လာခွဲသာ ရသည့် နိုင်ငံသား အတော်များများကို မကျေမနပ် ဖြစ်စေခဲ့သည်။ ယင်းလက်ဆောင်ကို ပေးသူမှာ မကြာသေးမီက မူးယစ်ဆေးဝါးအမှုဖြင့် ထောင်က လွတ်လာခဲ့သော သူဌေးကြီးတစ်ဦးဖြစ်ပြီး အစိုးရအကူးအပြောင်းမှာ မြို့သစ်စီမံကိန်းကို တင်ဒါအောင်မြင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရသည်” ဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။

ယင်းဖော်ပြချက်နှင့်ပတ်သက်ပြီး Eleven Media Group ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နှင့် Daily Eleven သတင်းစာ၏ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် ရန်ကုန်တိုင်းအစိုးရက အမှုဖွင့်ခဲ့ပြီး နိုဝင်ဘာလ ၁၁ရက်ကစပြီး ယနေ့အထိ ၎င်းတို့နှစ်ဦး အဖမ်းခံထားရသည်။

ဒေါက်တာသန်းထွဋ်အောင်၏ ကျန်းမာရေးအာမခံလျှောက်ထားချက်ကိုလည်း အကြောင်းပြချက် မခိုင်လုံဟုဆိုကာ တာမွေမြို့နယ်တရားရုံးက ဒီဇင်ဘာ ၂၂ရက်တွင် ပယ်ချခဲ့သည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) တွင် ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ် တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း(သို့မဟုတ်) ခြိမ်းခြောက်ခြင်းလုပ်သူများကို အရေးယူရန် ပြဌာန်းထားသည်။ ဥပဒေတွင် ယင်းပုဒ်မသည် အာမခံ မရနိုင်ကြောင်း ဖော်ပြထားသေးသည်။ ထိုပုဒ်မအတွက် ပြစ်ဒဏ် သတ်မှတ်ချက်သည် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်း ပြဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly