အင်းဝအပ်ချုပ်ဆိုင် အိမ်အကူမိန်းကလေး၏ ဘယ်လက် တံတောင်ဆစ်ကို ခွဲစိတ်မည်

အင်းဝအပ်ချုပ်ဆိုင် အိမ်အကူမိန်းကလေး၏ ဘယ်လက် တံတောင်ဆစ်ကို ခွဲစိတ်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ။            ။ အင်းဝအပ်ချုပ်ဆိုင်တွင် နှိပ်စက်ခံခဲ့ရသော အိမ်အကူမိန်းကလေး မစန်းကေခိုင်၏ ဘယ်လက်တံတောင်ဆစ်ကို ဒီဇင်ဘာ ၂၈ ရက်ခန့်တွင် ခွဲစိတ်တော့မည်ဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီး လက်ပိုင်းဆိုင်ရာခွဲစိတ်မှုဌာနမှ သိရသည်။

“ ကျွန်တော်တို့ လာမယ့်ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၂၈ရက်) တော့ ခွဲဖို့စီစဉ်ထားပါတယ်။ ဘယ်ဘက်တံတောင်ဆစ်ကို ခွဲမှာပါ” ဟု ရန်ကုန်ဆေးရုံကြီး၊ လက်ပိုင်းဆိုင်ရာ ခွဲစိတ်မှုဌာနမှ ပါမောက္ခ ဒေါက်တာခင်မောင်မြင့်က မဇ္စျိမသို့ ပြောသည်။

အဆိုပါ ဘယ်ဘက်တံတောင်ဆစ်ဒဏ်ရာမှာ ရရှိသောဒဏ်ရာများအနက် အကြီးဆုံးဖြစ်ပြီး သွေးခဲကာ ကျောက်တည်နေခြင်းဖြစ်ကြောင်း သိရသည်။

အင်းဝအပ်ချုပ်ဆိုင်ရှင်များ၏ နှိပ်စက်မှုကြောင့် မစန်းကေခိုင်တွင် လက်ချောင်းဆယ်ချောင်းကျိုးသည့် ဒဏ်ရာများ၊ ၀ဲဘက်တံတောင်ဆစ်ဒဏ်ရာ၊ လည်ပင်းတွင် ကတ်ကြေးဖြင့် ထိုးထားသည့် ဒဏ်ရာ၊ အရေပြားပေါ်တွင် မီးရှို့ခံရသည့် ဒဏ်ရာများ ရရှိထားခြင်းဖြစ်သည်။

ပထမအကြိမ် ညာလက်ချောင်းများခွဲစိတ်မှုကို အောက်တိုဘာ ၅ ရက်တွင် ပြုလုပ်ခဲ့ပြီး သုံးပတ်ခန့် အကြာတွင် ဘယ်လက်ချောင်းလေးများကို ဒုတိယအကြိမ် ခွဲစိတ်ခဲ့ကာ ယခုဝဲဘက်လက် တံတောင်ဆစ်ခွဲစိတ်မှုသည် သုံးကြိမ်မြောက်ခွဲစိတ်မှုဖြစ်ကြောင်း သိရသည်။

“ ညာလက်ချောင်းလေးတွေ ခွဲပြီးပြီ။ ဘယ်လက်ချောင်းလေးတွေ ခွဲပြီးပြီ။ အခု ဘယ်ဘက်တံတောင်ဆစ်ကို ခွဲမှာပါခင်ဗျာ” ဟု ဒေါက်တာခင်မောင်မြင့်က ပြောဆိုသည်။

တံတောင်ဆစ် ခွဲစိတ်ကုသမှုပြီးပါက ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် ရရှိထားသည့် လက်မောင်း၊ လည်ပင်းနှင့် ခန္ဓာကိုယ်ပေါ်ရှိ အမာရွတ်များကို ဖယ်ရှားကုသပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ဒဏ်ရာများ ပျောက်ကင်းသွားပါက မစန်းကေခိုင်၏ ဆန္ဒအရ အပ်ချုပ်ပညာသင်ယူနိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနသို့ ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်သည်။

ရန်ကုန်မြို့၊ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစု၏ နှိပ်စက်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးမြို့နယ်မှ ၁၇ နှစ်နှင့် ၁၆ နှစ်အရွယ် မစန်းကေခိုင်၊ မသဇင်တို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly