မွန်ဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းလွှတ်တော်အကြီးအကဲတို့အား စစ်ဆေးထားသည့်တွေ့ရှိချက်များကို NLD CEC သို့ တင်ပြထား

မွန်ဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းလွှတ်တော်အကြီးအကဲတို့အား စစ်ဆေးထားသည့်တွေ့ရှိချက်များကို NLD CEC သို့ တင်ပြထား

ရန်ကုန် ၊ ဒီဇင်ဘာ ၂၅ ။              ။ မွန်ပြည်နယ်ဝန်ကြီးချုပ် ၊ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့အား စစ်ဆေးထားသည့် တွေ့ရှိချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီသို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်က ပေးပို့ထားကြောင်း လေ့လာသုံးသပ်ရေးအဖွဲ့ခေါင်းဆောင် ၊ NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။

" ကျွန်တော်တို့ CEC ကို တင်လိုက်တာပါ။ တွေ့ရှိချက်တွေကိုတော့ CEC က မဆုံးဖြတ်ရသေးတဲ့အတွက် ကျွန်တော်ပြောလို့ မဖြစ်သေးပါဘူး။ ဒီဇင်ဘာ ၂၂ ရက်နေ့ ကြာသပတေးနေ့က တင်လိုက်တာပါ" ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

တိုင်စာများ မှန် ၊ မမှန် လေ့လာသုံးသပ်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ၊ တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦး ခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးတို့အား ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့မှ စတင်ပြီး စစ်ဆေးနေခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ်နှင့် တနင်္သာရီဒေသကြီးအတွင်းမှ တိုင်စာများရောက်ရှိလာသည့်အတွက် အဆိုပါတိုင်စာများ မှန်၊ မမှန် စစ်ဆေးရန် လေ့လာသုံးသပ်ရေးအဖွဲ့ကို နိုဝင်ဘာလ ၂၈ ရက်တွင်ဖွဲ့စည်းခဲ့ပြီး ယခုလို စစ်ဆေးဆောင်ရွက်မှု ပြုလုပ်ခြင်းဖြစ်သည်။

အဆိုပါအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဉာဏ်ဝင်း၊ အဖွဲ့ဝင်အဖြစ် ဒေါက်တာမျိုးညွန့်နှင့် ဦးကျော်ဟိုးတို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly