အစိုးရအဖွဲ့မှ မြေယာ လျော်ကြေးပေးထားသော်လည်း မူလပိုင်ရှင်လက်သို့ မရောက်ဟု လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

အစိုးရအဖွဲ့မှ မြေယာ လျော်ကြေးပေးထားသော်လည်း မူလပိုင်ရှင်လက်သို့ မရောက်ဟု လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

စစ်တွေ၊ ဒီဇင်ဘာ ၂၃ ။              ။ ရခိုင်ပြည်နယ်အတွင်း စီမံကိန်းများကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ကျောက်ဖြူမြို့နယ်နှင့် မြို့နယ်တစ်ချို့မှ မြေယာများ၏ လျော်ကြေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပေးထားပြီးဖြစ်သော်လည်း မူလမြေပိုင်ရှင်များ လက်သို့ မရောက်ရှိကြောင်း ကျောက်ဖြူမဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ဝေဖန်ပြောကြားလိုက်သည်။

“ အစိုးရက ပြောတယ်။ မြေယာလျော်ကြေးတွေ ပေးထားပြီ။ ဒါပေမယ့် ပိုင်ရှင်တွေဆီကို မရောက်ဘူး။ ဌာန ဆိုင်ရာနဲ့ ကျေးရွာအုပ်ချူပ်ရေးမှူးတွေနဲ့ ရင်းနှီးသူတွေ လက်ထဲ ရောက်နေတာကြောင့် အငြင်းပွားမှုတွေဖြစ် နေ တာပါ။ ဒီနေ့ လွှတ်တော်ထဲမှာ ကျွန်တော်မေးခဲ့တာက ပိုက်လိုင်းနဲ့ မဟာဓါတ်အားလိုင်း တည်ဆောက်မှုမှာ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ မြေယာတွေအတွက်   လျော်ကြေးငွေပေးအပ်တဲ့ အခါမှာ တချို့ရပြီးတော့ မရတဲ့သူတွေလည်း ရှိနေတယ်။ ဒါကို ဘယ်လိုဖြေရှင်းပေးမလဲ ဆိုတာကို မေးခဲ့တာပါ။ ဝန်ကြီးဖြေကြားသွားတာက အားလုံး ကိုပေး ပြီးပြီလို့ ပြေတယ်။ နည်းနည်းတော့ နေရာမကျဘူး” ဟု ဦးကျော်လွင်က ပြောသည်။

ယနေ့ ကျင်းပပြုလုပ်သော ဒုတိယ အကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော်၊ တတိယအကြိမ် ပုံမှန်အစည်း အ ဝေး၊ သတ္တမနေ့တွင် ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦး ကျော်လွင်က “ဒေသခံ တောင်သူများအနေဖြင့် မိမိတို့မြေယာများအတွက် ဆန္ဒပြတောင်းဆိုနေကြသည့် အပေါ်တွင် ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ဖြေရှင်းပေးရန်မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားရှိကြောင်း” ကို မေးမြန်းစဉ်  စိုက်ပျိုးရေး မွေးမြူ ရေးနှင့် လယ်ယာ ဆည်မြောင်း၊ သတ္တုသစ်တော ဝန်ကြီး ဦးကျော်လွင်၏ ဖြေကြားချက်အပေါ် သတင်းမီဒီယာ များကို မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။

 “ ကျွန်တော်တို့ ကျောက်ဖြူမြို့နယ်မှာ အခုအပါတ်အတွင်းမှာပဲ ဆန္ဒပြမှုတွေဖြစ်ခဲ့ပါသေးတယ်။ မပြေလည်မှု တွေကြောင့် ဖြစ်နေတဲ့ ပြဿနာတွေ အများကြီးရှိပါတယ်။ ဒါတွေကို ထောက်မေးဖို့အတွက်လည်း ဝန်ကြီးအနေ နဲ့ ဖြေနိုင်စရာအကြောင်း မမြင်တဲ့အတွက် ဆက်မမေးလိုက်တော့ဘူး”  ဟု ကျောက်ဖြူမဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က ပြောသည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မြဒေးကျွန်းမှ သွယ်တန်း ထားသည့် ရွှေသဘာ ဝ ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း၏ ဓါတ်ငွေ့သန့်စင် စက်ရုံ OGT တည်ဆောက်မှုကြောင့်    ကျောက်ဖြူမြို့နယ် မလကျွန်းမှ လယ်မြေတချို့ ပျက်စီးဆုံးရှုံးခဲ့ရာ ပြန်လည် ပြုပြင်ရန်အတွက် လျော်ကြေးငွေရရှိရေးအတွက် ဒီဇင်ဘာ ၂၀ ရက်နေ့က ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ခဲ့ကြသေးသည်။

ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးမြေများ၏ သီးနှံလျော်ကြေးအဖြစ် တစ်ဧကလျှင် ကျပ် သုံးသိန်းခွဲနှုန်းထားဖြင့် ပြီးခဲ့သည့် (၂၀၁၂) ခုနှစ်မှ (၂၀၁၄) ခုနှစ်ထိသာ ရရှိခဲ့ပြီး (၂၀၁၅) ခုနှစ်မှ လျော်ကြေး မရရှိသေးကြခြင်း ဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly