အင်န်အယ်လ်ဒီ မှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းစာရင်း သြဂုတ်လဆန်းတွင် ထုတ်ပြန်မည်

အင်န်အယ်လ်ဒီ မှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းစာရင်း သြဂုတ်လဆန်းတွင် ထုတ်ပြန်မည်
လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုယ်စားလှယ်များ။ ဓာတ်ပုံ - မဇ္စျိမ

ရန်ကုန်၊ ဇူလိုင် ၂၀ ။    ။ ရွေးကောက်ပွဲဝင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ကိုယ်စားလှယ်လောင်း စာရင်းကို လာမည့် သြဂုတ်လဆန်းတွင် ကြေညာမည်ဟု NLD ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ဇူလိုင် ၂၀ ရက်တွင် မဇ္ဈိမ ကိုပြောသည်။

တစ်တိုင်းပြည်လုံးအားဖြင့် ဆိုပါက NLD ကိုယ်စားပြု ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စာရင်းမှာ ၂,၀၀၀ ဝန်းကျင်ရှိသည်ဟု လည်း ၎င်းက ဆိုသည်။

ဦးဉာဏ်ဝင်းက “နယ်ကိုယ်စားလှယ် စာရင်းတွေကိုလည်း ဘယ်နေ့ဘယ်ရက်ဆိုတာ ညွှန်ကြားချက် ထုတ်ထားတာရှိပေမယ့် လည်းအခြေအနေအရပဲ။ တရားသေ ပြောလို့ မရသေးဘူး။ သြဂုတ်လဆန်းလောက် ဆိုရင်တော့ အတည်ဖြစ်သလောက် ကိုကြေညာချက် ထုတ်နိုင်ပါပြီ” ဟု ဆိုသည်။

ရွေးကောက်ပွဲတွင် NLD ကိုယ်စားပြုအဖြစ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ဦးကိုကိုကြီး အပါအဝင် အချို့အဖွဲ့ဝင်များ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟုလည်း NLD က မဇ္ဈိမကို ပြောဆိုထားသည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အဖွဲ့ဝင် များ စာရင်းကို ၂၀၁၅ ခုနှစ် သြဂုတ်လ ဆန်းတွင် ထုတ်ပြန်ပေးသွားမည်ဟုလည်း ဇူလိုင် ၂၀ ရက်၌ ၈၈ မျိုးဆက်က သတင်းထုတ်ပြန်ထားသည်။

ပါတီ အသီးသီး၏ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းကို ဇူလိုင်လ ၂၀ ရက်မှ သြဂုတ်လ ၈ ရက် အတွင်းရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly