မောင်တောတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ဆုံးရှုံးခဲ့ရသည့် လက်နက်များမှ ၃၉လက် ပျောက်ဆုံးနေသေး

မောင်တောတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ဆုံးရှုံးခဲ့ရသည့် လက်နက်များမှ ၃၉လက် ပျောက်ဆုံးနေသေး
အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှူ ဌာနချုပ် (ကျီးကန်းပြင်)တွင် ရဲမှုးကြီးသူရစန်းလွင် (ညာစွန်) နှင့်တာဝန်ရှိသူများ မီဒိယာများအားရှင်းလင်းစဉ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ။        ။ မောင်တော နယ်ခြားစောင့် ရဲစခန်းများ တိုက်ခိုက်ခံရမှုအတွင်း ဆုံးရှုံးခဲ့သည့် လက်နက်များထဲမှ ၂၆ လက်သာ ပြန် လည်ရရှိထားပြီး ၃၉ လက် ပျောက်ဆုံးနေသေးကြောင်း အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးမှ ရဲမှူးချုပ် သူရစန်းလွင်က မီဒီယာများသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သံသယရှိသူ ၈၂ ဦးအား မတရားသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) အပါအဝင် အခြား ပုဒ်မများဖြင့်လည်း တရားစွဲဆိုထားကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဦးဆောင်မှုဖြင့် မောင်တောဒေသသို့ သွားရောက် သတင်းရယူနေသည့် မီဒီယာများအနေဖြင့် တိုက်ခိုက်မှုခံခဲ့ရသည့် ကျီးကန်း ပြင်နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ ယမန်နေ့က သွားရောက်စဉ် ရဲမှူးချုပ် သူရစန်းလွင်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မောင်တော ဒေသတွင် လက်ရှိအချိန်ထိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

ဒီဇင်ဘာ၂၁ရက်နေ့က သတင်းအဖွဲ့သွားရောက်ခဲ့သည့် ၀ါးဘိတ်ရွာ၊ ကျီးကန်ပြင် (အလယ်ရွာ) နှစ်ရွာတွင် တိမ်းရှောင် သွားသော ရွာသူရွာသားများသည် မူလရပ်ရွာသို့   ပြန်လည်နေထိုင်ခြင်း မရှိသေးကြောင်း တွေ့မြင်ရသည်ဟု ၄င်းခရီး စဉ်ကို လိုက်ပါခဲ့သည့် မဇ္စျိမသတင်းဌာနမှ တာဝန်ရှိသူက ၎င်းမြင်တွေ့ရမှုကို ပြောသည်။

ယနေ့ ဒီဇင်ဘာ ၂၂ ရက်တွင် သတင်းမီဒီယာအဖွဲ့ သည် မောင်တောဆေးရုံနှင့် အလယ်သံကျော် ကျေးရွာသို့ သွားရောက်ခဲ့ကြကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly