မုံးကိုးမြို့နေ တိုက်ပွဲရှောင်ပြည်သူ တစ်သောင်းနီးပါး ပြည်တော်ပြန်

မုံးကိုးမြို့နေ တိုက်ပွဲရှောင်ပြည်သူ တစ်သောင်းနီးပါး ပြည်တော်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ။                   ။ တရုတ်-မြန်မာနယ်စပ်အနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မုံးကိုးမြို့မှ တရုတ်ပြည်ဘက်ကို နေရပ်စွန့်ခွာခဲ့ရသည့်  ပြည်သူ တစ်သောင်းနီးပါးခန့်သည်  မုံးကိုးနယ်စပ်ဂိတ်ပေါက်မှ မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာပြီဟု သိရသည်။

 “ သူက နေ့စဉ်နဲ့အမျှဝင်နေတာ နောက်ဆုံးအခြေနေကတော့ ၉၀၀၀ ကျော်ရှိမယ် ” ဟု မူဆယ်ခရိုင် ထွေအုပ်ရုံး ဦးစီးအရာရှိ ဦးဇော်မင်းက ပြောသည်။

ဒီဇင်ဘာ ၁၉ ရက်ထိ မုံးကိုးမြို့ ရပ်ကွက်အသီးသီးနှင့် ကျေးရွာများမှ အိမ်ထောင်စု ၈၉ စု၊ ကျား ၂၇၃ ဦး၊ မ ၂၃၄ ဦး ၊ စုစုပေါင်း ၅၀၇ ဦးအား စီစစ်လက်ခံခဲ့ပြီး ယနေ့အထိ အိမ်ထောင်စု ၂၂၄၇ စု၊ ကျား ၄၈၂၁ ဦး၊ မ ၅၀၅၂ ဦး စုစုပေါင်း ၉၈၇၃ ဦးတို့ကို စီစစ်လက်ခံနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

မုံးကိုးမြို့အခြေအနေကို ဒီဇင်ဘာ ၂၀ ရက်နေ့ထိ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် တိုက်ပွဲများမရှိသော်လည်း မိုင်းရှင်းလင်းရေးနှင့် လက်နက်ရှာဖွေရေးကဲ့သို့သော နယ်မြေရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်နေလျက်ရှိကြောင်း မူဆယ်ခရိုင်ထွေအုပ်ရုံးမှ သိရသည်။

မြို့ပေါ်တွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း မူဆယ်-လားရှိူးလမ်းမကြီးတစ်လျှောက်တွင် ထိတွေ့မှုအချို့ ဖြစ်ပွား နေပြီး စစ်ကြောင်းကားများနှင့် ခရီးသည်တင်ကားများကို ပစ်ခတ်မှုအချို့ ကြံုတွေ့နေရသေး ကြောင်း ဦးဇော်မင်း ပြောပြချက်အရသိရသည်။

“ မုံးကိုးမြို့မှာဖြစ်တာတော့ ၅ ရက်နေ့ နောက်ဆုံးပေါ့။ လမ်းမှာဖြစ်တာတွေတော့ရှိသေးတယ် ” ဟု ဦးဇော်မင်းက ပြောဆိုသည်။

တရုတ် - မြန်မာနယ်စပ်အနီး မုံးကိုးမြို့နယ်ရှိ ပြည်သူများသည် တိုက်ပွဲများဖြစ်ပွားတာကြောင့် တရုတ်ပြည်နှင့် နီးစပ်ရာမြို့များသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ပြီး ဒီဇင်ဘာ ၉ ရက် မွန်းလွဲ၂ နာရီခန့်မှ စတင်၍ မုံးကိုးမြို့ နယ်စပ်ဝင်ပေါက်ဂိတ်တွင် တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ စစ်ဆေးလက်ခံနေခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly