ပုဂံတွင် ညစျေးတန်း မကြာမီဖွင့်လှစ်သွားမည်

ပုဂံတွင် ညစျေးတန်း မကြာမီဖွင့်လှစ်သွားမည်
ညောင်ဦးမြို့ ပုဂံရှေးဟောင်း ဘုရားသို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားဧည့်သည်များအား ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-မဇ္ဈိမ

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ။            ။ မြန်မာ့ယဉ်ကျေးမှုနယ်မြေဖြစ်သည့် ပုဂံဒေသတွင် ညစျေးတန်းဖွင့်လှစ်ရောင်းချသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးတင့်က မဇ္စျိမသို့ပြောသည်။

ရွှေစည်းခုံဘုရားအနီးရှိ အနော်ရထာလမ်းနှင့် ညောင်ဦးပုဂံလမ်းဟောင်းကြားက အရပ်အခေါ် FIT လမ်းတွင် ဖွင့်လှစ်သွားရန်စီစဉ် နေခြင်းဖြစ် ကြောင်းသိရသည်။

“ လောလောဆယ်ဖွင့်ဖို့က ဆိုင် ၃၀ ကျော်လောက်ပဲ ရှိသေးတယ်။ ထပ်ပြီးတော့မှ စာရင်းအသေးစိတ်ကိုလုပ် တုန်းပဲရှိသေးတယ် ” ဟု ဦးစိုးတင့်က ပြောသည်။ အဆိုပါလမ်းမှာ နိုင်ငံခြားသားများ ၀င်ရောက်သည့်ဆိုင်များ တည်ရှိသည့်လမ်းဖြစ်ပြီး တည်းခိုဆောင်များလည်းရှိသည့် လမ်းဖြစ်ကြောင်း ၄င်းကရှင်းပြသည်။

လက်ရှိ ပုဂံ၊ညောင်ဦးတွင်ညစျေးတန်းဆိုင်ခန်းတစ်ချို့ ဖွင့်လှစ်ရောင်းချနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံစားသောက်ကုန်လုပ် ငန်းရှင်များအသင်း (ပုဂံ) မှ ဥက္ကဌ ဦးတင့်ဆွေက ပြောဆိုထားသည်။

 အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးစိုးတင့်က “ တရားဝင်လုပ်မှာပါခင်ဗျ။ အခုက တရားဝင်မဟုတ်သေးဘူး။ စမ်းလုပ်ရင်းတင် ပြလာတဲ့ အနေအထားပဲရှိပါသေးတယ် ” ဟု ပြောဆိုသည်။ ညစျေးတန်းဖွင့်လှစ်နိုင်ပါက ခရီးသွားလုပ်ငန်းကို အကျိုးပြုနိုင်သလို ဒေသခံများလည်း အလုပ်အကိုင်ရရှိမည်ဖြစ်ကြောင်း ၄င်း၏ပြောပြချက်အရသိရသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ မြို့နယ်မြေစရင်းဦးစီးဌာန၊ ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာတို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး ညစျေးတန်းဖွင့်ရန် တင်ပြထားသူများကို အသေးစိတ်ကွင်းဆင်းစစ်ဆေးပြီး ဒီဇင်ဘာ ၂၀ ရက်နောက်ဆုံးထား အစီရင်ခံရန်လည်း ညွှန်ကြားထားကြောင်း ညောင်ဦးခရိုင်၊ ထွေအုပ်ရုံးမှသိရသည်။ ဒီဇင်ဘာလ ၂၀ ရက်နောက်ပိုင်းမှ အသေးစိတ်အချက်အလက်များ ထုတ်ပြန်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly