မောင်တောတွင် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေတစ်စီးနှင့်အတူ ဆေးခြောက် ၂၈ ထုပ်ဖမ်းဆီးရမိ

မောင်တောတွင် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေတစ်စီးနှင့်အတူ ဆေးခြောက် ၂၈ ထုပ်ဖမ်းဆီးရမိ
ဓာတ်ပုံ-State Counsellor Office Information Committee

ဒီဇင်ဘာ ၁၆ ။               ။ ယနေ့ မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေတစ်စီးနှင့် အတူ လူ ၈ ဦး၊ ဆေးခြောက် ၂၈ ထုပ်တို့ ဖမ်းဆီးရမိခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၆ ရက် နံနက် ၂နာရီ ၅၅ မိနစ်တွင်  လှေတစ်စီးအား နတ်မြစ်အတွင်း တွေ့ရှိသဖြင့် တပ်မတော်ရေယာဉ်မှ မီးအချက်ပြခေါ်ယူသော်လည်း လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသွားသဖြင့် လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာ နံနက် ၃ နာရီ ၅မိနစ်တွင် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေ ၁ စီးအား ဖမ်းဆီးရမိခဲ့သည် ဟု ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့်စက်လှေပေါ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်ဖ်မြို့ တနာဂရွာမှ နူကာဆင်၊ မူဟာမတ်ရှူဒစ်၊ ဆွာလင်း၊ စုစဉ်တန်၊ ဘာလ်ဘူ၊ အေမာန်ဟူစွန်၊ မူဂျူလာနှင့် ဆာ့ဒစ် တို့ ရှစ်ဦးတို့အား ဆေးခြောက် ၁ ကီလိုခန့်ရှိ ဆေးခြောက်ထုပ် ၂၈ ထုပ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ငါးဖမ်းစက်လှေသည် တက္ကနပ်ဖ်မြို့မှ ကျောက်ပန္တုအနောက်ဘက်သို့ထွက်ခွာလာခဲ့ပြီး စစ်တွေမြ်ို့မှ လာရောက် ယူဆောင်သည့်လှေအားစောင့်ဆိုင်းစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ၈ ဦးအား ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက် သွားမည်ဖြစ်သည် ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly