စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန် တောင်သူများအား ဥပဒေအရ အရေးယူရန်စီစဉ်

စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန် တောင်သူများအား ဥပဒေအရ အရေးယူရန်စီစဉ်
ဓာတ်ပုံ - ရဲမင်း

မုံရွာ၊ ဒီဇင်ဘာ ၁၅။         ။ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးထားသည့် ကြွေးကျန်တောင်သူများအား ဥပဒေအရ အရေးယူနိုင်ရန် စီစဉ်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးဘိုလေးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကြွေးကျန် ၄၄၃၂ ဒသမ ၆၅ ကျပ်သန်း ရှိနေပြီး ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ စာရင်းများဖြစ်ကြောင်း သိရသည်။

"ချေးငွေထုတ်ချေးပြီး ပြန်လည်မဆပ်နိုင်တဲ့ ကြွေးကျန်စာရင်းတွေဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ကြွေးကျန်တောင်သူ တွေကို အသစ်ထပ်မချေးတော့ဘူး။ နောက်ပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်၊ ရုံးချုပ်ကလည်း ကြွေးကျန်တောင်သူ တွေကို ပြန်လည်ဆပ်စေဖို့ နှိုးဆော်ခိုင်းထားတယ်။ ဥပဒေအရအရေးယူဖို့ကိုလည်း မှာထားတယ်" ဟု စစ်ကိုင်းတိုင်း ဒေ သကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးဘိုလေးက ပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအား တနှစ်လျှင် မိုးကြို၊ မိုး၊ ဆောင်းဟု ခွဲကာ ချေးငွေထုတ်ချေးပေးနေကြောင်း၊ တောင်သူများမှလည်း အချိန်မှီပြန်လည်ပေးဆပ်ကြရန် လိုအပ်ကြောင်း ၄င်းက ပြောသည်။

" ချေးငွေပြန်မဆပ်နိုင်တဲ့ တောင်သူတွေဟာ မဆပ်ချင်လို့ ညစ်ပတ်ပြီး မဆပ်ကြတယ်လို့တော့ မထင်စေချင်ဘူး။ အစိုးရ ချေးငွေဆိုတော့ ဖြစ်အောင်ဆပ်ကြတယ်။ တကယ်လို့ မဆပ်ခဲ့ဘူးဆိုရင်လဲ တကယ်မပြေလည်လို့။ သီးနှံအဆင်မပြေ လို့၊ မဆပ်ကြတာပဲ ဖြစ်ပါလိမ့်မယ်။ ဒီနေ့ ဒီရက်မှာ ပြန်ဆပ်ရမယ်ဆိုတော့ ဖြစ်အောင်ဆပ်ကြပါတယ်။ ကျုပ်ဆို တစ်နှစ် က နွားပေါက်လေးရောင်းပြီးတောင် ချေးငွေပြန်ဆပ်ခဲ့ရတယ်" ဟု ချောင်းဦးမြို့နယ်မှ တောင်သူတစ်ဦးဖြစ်သူ ဦးစိုးကြီး က ပြောပြသည်။

တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာတွင် စပါးတစ်ဧကလျှင် တစ်သိန်းခွဲနှင့် အခြားသီးနှံ တစ်ဧကလျှင် နှစ်သောင်းကျပ် ထုတ်ချေးပေးကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly