ထောင်ဆရာဝန်မှ အလုပ်များ၍ မလာနိုင်သဖြင့် Eleven CEO အမှု ရုံးချိန်းထပ်မံရွေ့ဆိုင်း

ထောင်ဆရာဝန်မှ အလုပ်များ၍ မလာနိုင်သဖြင့် Eleven CEO အမှု ရုံးချိန်းထပ်မံရွေ့ဆိုင်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ။            ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရသည့် Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်အား ယနေ့ တာမွေမြို့နယ်တရားရုံး၌ တတိယအကြိမ် ရုံးထုတ်မှာ လျှောက်ထားဆေးအာမခံအတွက် ၎င်းကျန်းမာရေးအခြေအနေ စစ်ဆေးရန် ဆင့်ခေါ်ထားသည့် အကျဉ်းထောင်ဆရာဝန် မလာရောက်ခဲ့သည့်အတွက် ရုံးချိန်း ထပ်မံရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။

ဒေါက်တာသန်းထွဋ်အောင်၏ ကျန်းမာရေးအခြေအနေကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်နေ့၊ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးမှုတွင် ဆေးအာမခံနောက်တစ်ကြိမ်   ပြန်လည်လျှောက်ထားခဲ့သောကြောင့်   လျှောက်ထားမှုကို ခွင့်ပြုမပြု ဆုံးဖြတ်ရန် အကျဉ်းထောင်ဆရာဝန်မှ စစ်ဆေးရန် ဆင့်ခေါ်ထားခြင်းဖြစ်သည်။ သို့ရာတွင် အကျဉ်းထောင်ဆရာဝန်မှ အလုပ်များနေသည့်အတွက် သက်သေကင်းလွတ်ခွင့်ပေးရန် တာမွေမြို့နယ်တရားရုံးသို့ စာပြန်ခဲ့ကြောင်း ယင်းအမှုကို လိုက်ပါဆောင်ရွက်သည့် Eleven ၏ အကျိုးဆောင်ရှေ့နေ ဦးကြီးမြင့်က ဆိုသည်။

"ထောင်ဆရာဝန်ကို မေးချင်တဲ့မေးခွန်းကို မေးပါ။ အဲ့ဒီမေးခွန်းတွေကို ထောင်ဆရာဝန်ဆီကို ပို့ပေးမယ်။ ထောင်ဆရာဝန်က ဖြေတဲ့အပေါ်မှာမူတည်ပြီးတော့ တရားသူကြီးအနေနဲ့ ဆုံးဖြတ်မယ်ပေါ့" ဟု ယနေ့အခြေအနေကို ဦးကြီးမြင့်က ပြောသည်။ ထို့အပြင် သက်သေထွက်ဆိုမည့်သူက တရားရုံးကင်းလွတ်ခွင့်တောင်းဆိုခြင်းသည် သူ၏အတွေ့အကြံုအရ ကြံုတွေ့ဖူးခြင်း မရှိဟု ဦးကြီးမြင့်က ထပ်လောင်းပြောဆိုခဲ့သည်။

ယနေ့ရုံးထုတ်စစ်ဆေးမှုကို ဒေါက်တာသန်းထွဋ်အောင်မှ ၀ှီးချဲဖြင့် လာရောက်ခဲ့သည်ကို တွေ့မြင်ခဲ့ရပြီး ၎င်း၏ ကျန်းမာရေးအခြေအနေကိုတော့ အကျိုးဆောင်ရှေ့နေဦးကြီးမြင့်က "မျက်မြင်အတိုင်းပဲလေ။ ဆရာဝန်တွေရဲ့ ပညာရပ်ဆိုင်ရာအသုံးအနှုန်းမို့လို့ မဖြေဆိုတော့ပါဘူး" ဟု ပြောဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့၏ လေးကြိမ်မြောက် ရုံးထုတ်စစ်ဆေးခြင်းအား ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ပြန်လည်စစ်ဆေးသွားမည်ဖြစ်သည်။

ဆက်စပ်သတင်းများ-Eleven CEO ဒေါက်တာသန်းထွဋ်အောင်အမှု ယနေ့ ဆေးအာမခံ ထပ်မံလျှောက်ထားခဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly