အမှု မရုတ်သိမ်းပေးပါက တရားစွဲဆိုမည်ဟု ပြောဆိုခြင်းသည် ထပ်မံခြိမ်းခြောက်မှုဟု ဦးညီညီပြော

အမှု မရုတ်သိမ်းပေးပါက တရားစွဲဆိုမည်ဟု ပြောဆိုခြင်းသည် ထပ်မံခြိမ်းခြောက်မှုဟု ဦးညီညီပြော

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ။            ။ အမှုဖွင့်ခံထားရသည့်သူများက အမှုမရုတ်သိမ်းပေးပါက ပြန်လည်တရားစွဲဆိုသွားမည်ဟု ပြောဆိုခြင်းသည် ထပ်မံခြိမ်းမြောက်မှုတစ်ခုဖြစ်သည်ဟု ဦးညီညီက ယနေ့တုံ့ပြန်ပြောဆိုလိုက်သည်။

“ မရုတ်သိမ်းလို့ရှိရင် စွဲဲမယ်ဆိုတာ ထပ်မံပြီးတော့ ခြိမ်းခြောက်မှုတစ်ခုလို့ ထပ်ပြောချင်တယ်ဗျာ ” ဟု ၄င်းက ပြောဆိုသည်။ အမှု မရုတ်သိမ်းပေးသောကြောင့် တရားပြန်လည်စွဲဆိုမည်ဆိုပါကလည်း ၄င်းတို့လွတ်လပ်ခွင့်သာဖြစ်သည်ဟု ဦးညီညီမှ ဖြေကြားသည်။

ဒီဇင်ဘာလ ၁၁ ရက်၊ တောင်ဒဂုံမဲဆန္ဒနယ် ရန်ကုန်တိုင်းလွှတ်တော်အမတ် ဦးညီညီသည် ပါတီရုံးခန်းရန်ပုံငွေပွဲကျင်းပသည့် လေးထောင့်ကန်ရပ်ကွက်ဘက်မှ အပြန် လူအပြည့်ပါသည့်   တက္ကစီအနက်ရောင် ကားတစ်စီးက လိုက်ပါအန္တရာယ်ပြုခဲ့ကြောင်း ပြောထားပြီး အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အမှုဖွင့်ခံရသူ ၀င်းမြင့်ဦး၏အဖိုးဖြစ်သူ ဦးရင်ကြည်က အခုဖြစ်သည့်ဖြစ်စဉ်မှာ ဦးညီညီအနေဖြင့် ကိုးကားအကျယ်ချဲ့ရေးခြင်းဖြစ်ပြီး ကားပေါ်တွင်ပါသောသူများမှာ ၀င်းမြင့်ဦး ၈တန်းကျောင်းသား၊ ၀င်းခိုင်ဦး အော်ရီဒူးက ယာဉ်မောင်း၊ ၀င်းထိုက် ကုမ္ပဏီယာဉ်မောင်း၊ မောင်ကျော်လင်း ကုမ္ပဏီဝန်ထမ်း၊ မောင်ပြည့်စုံထွန်း မော်တာပြင်/ စက်ပြင်ဝန်ထမ်း တို့သာဖြစ်သည့်အတွက် လုပ်ကြံသည်ဟုဆိုသည်မှာ မဖြစ်နိုင်ကြောင်းပြောဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်းလွှတ်တော်အမတ်မှ မမှန်ကန်သည်ကိုပြောဆိုသည်ဖြစ်သောကြောင့် ၄င်းတို့အနေဖြင့် လက်ရှိစွဲဆိုထားသည့်အမှုကို ရင်ဆိုင်သွားမည့်အပြင် ဥပဒေနှင့်အညီ ပြန်လည်အရေးယူသွားမည်ဟုလည်းပြောသည်။

“ ကျွန်တော်တို့က ပြန်တရားစွဲမှာပါ။ ဥပဒေနဲ့ အညီ ” ဟု ဦးရင်ကြည်က ပြောသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဒီဇင်ဘာ ၁၃ ရက် ထုတ်ပြန်သည့် တရားခံ၏ထွက်ဆိုချက်များဖြစ်သည့် “ လူမှုကွန်ရက် အင်တာနက်စာမျက်နှာတွင် Nyi Nyi Account ဖြင့် ရေးသားဖော်ပြထားမှုနှင့် ပတ်သက်၍   ဖြစ်စဉ်မှန်ဖော်ပြခြင်း ” ဆိုသောထုတ်ပြန်ချက်ကိုလည်း မှားယွင်းနေသည်ဟု  ဦးညီညီက ဝေဖန်ပြောဆိုသည်။

ဦးညီညီအနေဖြင့် ပြသနာဖြစ်ပွားနေစဉ် တောင်ဒဂုံရဲစခန်းသို့ ၃ ကြိမ်တိတိ ဖုန်းဆက် အကူအညီတောင်းခံခဲ့ပြီး ၄င်းနှင့်အတူပါလာသည့် ဦးမြင့်ဝင်းမှ ထပ်မံဖုန်းခေါ်ဆိုခဲ့သော်လည်း   ဆောင်ရွက်ပေးခြင်းမရှိခဲ့ဟု ၎င်းက ပြောသည်။

လွှတ်တော်အမတ်ဖြစ်သူ ဦးညီညီက အသက်လုပြီးပြေးရခြင်းဖြစ်သောကြောင့် ကားရပ်ပြီးဖြေရှင်းမိပါက လမ်းပေါ်တွင် ရိုက်နက်မှုကဲ့သို့ ဖြစ်လာနိုင်ကြောင်းပြောဆိုသည်။ “ အဓိကပြောချင်တာက သူတို့တွေမမှန်ဘူးပဲ ထားလိုက်တော့ဗျာ။  ရဲတွေကသာ အချိန်မီတားနိုင်ဆီးနိုင်ခဲ့မယ်ဆိုရင် ဒါတွေဖြစ်မလာဘူးဗျ “ ဟု ဦးညီညီကပြောဆိုသည်။

 လက်ရှိတွင်အဆိုပါ ၅ ဦးအား ဦးမြင့်ဝင်းက ၂၉၄ ဆဲဆိုမှု၊ ၅၀၆ ခြိမ်းခြောက်မှု၊ ၁၁၄ ပူးပေါင်းကြံစည်မှုတို့ဖြင့် အမှုဖွင့်တိုင်ကြားထားပြီး တစ်ဘက်မှ အဆိုပါ ၅ ဦးအား အာမခံဖြင့် ထုတ်ထားကြောင်းသိရသည်။

ဆက်စပ်သတင်းများကြည့်ရန်-လွှတ်တော်အမတ် ဦးညီညီရန်ပြုခံရသည့်အမှု တစ်ဘက်မှ ရန်ငြိုးရန်စမရှိဟု ပြန်လည်ဖြေရှင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly