လွှတ်တော်အမတ် ဦးညီညီရန်ပြုခံရသည့်အမှု တစ်ဘက်မှ ရန်ငြိုးရန်စမရှိဟု ပြန်လည်ဖြေရှင်း

လွှတ်တော်အမတ် ဦးညီညီရန်ပြုခံရသည့်အမှု တစ်ဘက်မှ ရန်ငြိုးရန်စမရှိဟု ပြန်လည်ဖြေရှင်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ။       ။ လွှတ်တော်အမတ် ဦးညီညီအား ရန်ပြုခံရသည်ဟု ဆိုသောဖြစ်စဉ်မှာ လွှတ်တော်ကိုယ်စားလှယ်ဟု မသိရှိဘဲ ရန်ငြိုးရန်စမရှိ၊ နားလည်မှုလွဲခြင်းသာဖြစ်သည်ဟု ယနေ့ ဖြစ်စဉ်တွင် ပါ၀င်သူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်တွင် ပါ၀င်သူတစ်ဦးဖြစ်သူ ကိုထွန်းထွန်းငြိမ်းမှ ၎င်းတို့ ကျော်တက်မောင်းနှင်ခဲ့သော ကင်တာယာဉ်ပေါ်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ စီးနင်းလိုက်ပါသည်ကို မသိရှိသည့်အပြင် ရန်ငြိုးရန်စလည်း မရှိကြောင်း၊ မည်သူ့ ကိုယ်မှ လုပ်ကြံစရာမရှိကြောင်း မဇ္စျိမသို့ ပြောသည်။

“ အခုဖြစ်တာက နားလည်မှုလွဲတာ။  သူတို့ကားနောက်ကို လိုက်တယ်လို့ ထင်ရင်ထင်မှာပဲ။ သူတို့ ရဲစခန်းထဲဝင်သွားတာလည်း ကျွန်တော်တို့ တွေ့တယ်။ ဒါပေမယ့် ဘရိတ်တောင် တစ်ချက်မနင်းဘူး။ ကျွန်တော်တို့ဖာသာ ဆက်သွားတယ်။ သူ့လူမှုကွန်ယက်မှာ ဒီလိုမျိုးကြီး တက်လာမှ ကျွန်တော်တို့သိတာ ” ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်၊ တောင်ဒဂုံမဲဆန္ဒနယ် ရန်ကုန်တိုင်းလွှတ်တော်အမတ် ဦးညီညီသည် ပါတီရုံးခန်းရန်ပုံငွေပွဲကျင်းပသည့် လေးထောင့်ကန်ရပ်ကွက်ဘက်မှ အပြန် လူအပြည့်ပါသည့် တက္ကစီအနက်ရောင်ကားတစ်စီးက လိုက်ပါအန္တရာယ်ပြုခဲ့ကြောင်း ဦးညီညီပြောထားပြီး ယင်းအမှုအတွက် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ မြို့မရဲစခန်းတွင် ဦးမြင့်ဝင်းက အမှုဖွင့်
တိုင်ကြားခဲ့သဖြင့်  ဒီဇင်ဘာ ၁၂ ရက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း(ပ)၂၁၉၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၅၀၆/ ၁၁၄ဖြင့်အမှုဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်နေကြောင်း သိရှိရသည်။

" ကျွန်တော်တို့ ကားကို ဆဲတယ်။ ဆင်းခိုင်းတယ်၊ ရိုက်မယ် သတ်မယ် ပြောတယ် " ဟု ဦးညီညီက ဆိုသည်။

အဆိုပါဖြစ်စဉ်အတွင်း တောင်ဒဂုံရဲစခန်းသို့ ဆက်သွယ်၍မရဟု ဦးညီညီက ပြောဆိုခဲ့ပြီး  ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ “ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းသို့ အကြောင်းကြားချိန်၌ ရဲစခန်း တာဝန်ကျတာဝန်မှူးမှာ ၉ နာရီ ၄၀ အချိန်တွင် ဖြစ်ပွားခဲ့သော သေမှုသေခင်း စစ်ဆေးရန် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံသို့သွား ရောက်နေချိန်ဖြစ်ကြောင်း ” တုံ့ပြန်ပြောကြားသည်။ ရဲစခန်းဝင်းတံခါးပိတ်ထားရခြင်းမှာ ညအချိန်ဖြစ်သဖြင့် ရဲစခန်းလုံခြံုရေး၊ တပ်ဖွဲ့ဝင်မိသားစုများ၏ လုံခြံုရေးအရ ပိတ်ထားရခြင်းဖြစ်ပြီး တံခါးအနီး ရှေ့ဂိတ်ကင်းတွင် ကင်းတာဝန်ကျ တပ်ဖွဲ့ဝင်များ စောင့်ကြပ်လျက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီအား ရန်ပြုခံရသောအမှုအားတစ်ဘက်မှ ရန်ပြုသူဟု ယူဆရသူ ၅ ဦးသည်  ဒီဇင်ဘာ ၁၂ ရက်နေ့ ၆နာရီခွဲခန့်တွင်ယာဉ်မောင်း မင်းခိုင်ဦးပါ(၅) ဦး တို့မှ ပြဿနာ ဖြေရှင်းရန်အတွက်ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစခန်းသို့  လာရောက်အဖမ်းခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly