ငလျင်ဒဏ်ခံ ပုဂံဘုရားများကို ဇန်နဝါရီလအတွင်း အကြီးစားပြုပြင်မည်

ငလျင်ဒဏ်ခံ ပုဂံဘုရားများကို ဇန်နဝါရီလအတွင်း အကြီးစားပြုပြင်မည်
Photo - EPA
 

ရန်ကုန် ၊ ဒီဇင်ဘာ ၁၃ ။               ။ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ပုဂံဘုရားများထဲမှ အကြီးစားပြုပြင်ရန် လိုအပ်သည့် ဘုရားများကို  ဇန်နဝါရီလ တွင် စတင်ပြုပြင်သွားမည်ဟု အမျိုးသား စာကြည့်တိုက် ၊ ပြတိုက်နှင့် ရှေးဟောင်း သုတေသနဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသိန်းလွင်က ပြောသည်။

" ကျွန်တော်တို့ ၂၀၁၇ ဇန်နဝါရီမှာ စတင်သွားမှာပါ၊ ယူနက်စကိုရဲ့ အကြံပေးချက်နဲ့ နိုင်ငံတော်က တာဝန်ယူပြီး ပြင်ဆင်သွားမှာပါ" ဟု ၄င်းက ဆိုသည်။

ပထမ ဦးစားပေးပြုပြင်မည့် စေတီများထဲတွင် စူဠာမဏိစေတီ၊ လောကနန္ဒာ ၊ တရုတ်ပြေးဘုရား ၊ သဗ္ဗေညု တို့ပါ၀င်မည် ဖြစ်သည်။

သြဂုတ်လ ၂၄ ရက် ညနေ ၅နာရီခန့်တွင် မကွေးတိုင်း ချောက်မြို့ကို ဦးတည်ပြီး ၆.၈ အဆင့်ရှိ အင်အားပြင်း ငလျင်တစ် ခု လှုပ်ခတ်ခဲ့သည့်အတွက် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဖြစ်သည့် ပုဂံဒေသတွင် ဘုရားပေါင်း ၄၀၀ ခန့် ထိခိုက်ပျက် စီးခဲ့ရခြင်း ဖြစ်သည်။

ပရဟိတ အသင်းအဖွဲ့များအနေဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စေတီပုထိုးများကို ခွင့်ပြုချက်မရှိဘဲ ပြုပြင်ခြင်းများမလုပ်ဆောင်ရန် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက နိုဝင်ဘာ ၁၆ ရက်နေ့ရက် စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ရှေးဟောင်း အဆောက်အအုံကို ဖျက်ဆီးခြင်း၊ ပျက်စီးစေရန် ဆောင်ရွက်ခြင်း၊ ရှေးဟောင်း အဆောက်အအုံ၏ မူလပုံသဏ္ဌာန်ကိုဖြစ်စေ၊ မူလလက်ရာကိုဖြစ်စေ   ပြောင်းလဲစေရန်ပြုလုပ်ခြင်း၊   ရှေးဟောင်းအဆောက်အအုံ၏ မူလအ စိတ်အပိုင်းများ၊ အနုပညာ လက်ရာပစ္စည်းများကို ဖြုတ်ခွာခြင်း၊ ဖယ်ရှားခြင်းပြုလုပ်လျှင် ရှေးဟောင်း အဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၉ ကို ကျူးလွန်ခြင်းဖြစ်သဖြင့် ပုဒ်မ ၂၄ အရ အရေးယူအပြစ်ပေးခြင်းခံရမည် ဖြစ်ကြောင်း သာသနာရေးရာဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly