ထိရှလွယ်သည့် ရခိုင်အရေးကိစ္စအပေါ် ဆွေးနွေးရန် မြန်မာနှင့် အာဆီယံနိုင်ငံများအကြား အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပမည်

ထိရှလွယ်သည့် ရခိုင်အရေးကိစ္စအပေါ် ဆွေးနွေးရန် မြန်မာနှင့် အာဆီယံနိုင်ငံများအကြား အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပမည်
ဓာတ်ပုံ-မင်းမင်း(မဇ္ဈိမ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၃။             ။ မြန်မာနိုင်ငံမှ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ဖိတ်ကြားပြီး ရခိုင်ဒေသ၊ အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးသွားရန် လာမည့် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် အစည်းအဝေးတစ်ခု  ပြုလုပ်ရန်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က အတည်ပြုသည်။

"အဓိက ဖိတ်တဲ့ ဖိတ်ကြားစာမှာတော့ ရခိုင်ဒေသနဲ့ပတ်သက်တဲ့အခြေအနေကို ကျွန်တော်တို့ဘက်က ပြောကြားမယ်ပေါ့၊ အဲ့ဒါတော့ရှိတယ်။ အစည်းအဝေး အာဂျင်ဒါ( အစီအစဉ်)တော့ လောလောဆယ် မသတ်မှတ်ရသေးဘူးခင်ဗျ" ဟု ဦးအောင်မျိုးမြင့်က ဆိုသည်။ အဆိုပါအစည်းအဝေးအား မြန်မာနိုင်ငံဘက်မှ ခေါ်ယူကျင်းပမည့်အကြောင်းကို ပြီးခဲ့သည့် သီတင်းပတ်က ဘာလီ၌ ကျင်းပသည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများ တွေ့ဆုံစည်းဝေးပွဲအခမ်းအနားတွင် မြန်မာနိုင်ငံမှ အသိပေး ပြောကြားထားပြီးဖြစ်ကြောင်း  တိုကျိုအခြေစိုက် Nikkei Asian Review သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

ယင်းအစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်ခြင်းဖြစ်ပြီး ထိလွယ်ရှလွယ်သည် ့အရေးကိစ္စတစ်ခုအပေါ် ဆွေးနွေးရန် မြန်မာနှင့် အခြားသော နိုင်ငံများအကြား အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပခြင်းမှာ ယခုတစ်ကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း Nikkei Asian Review က ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဒေသတွင်းနိုင်ငံဖြစ်သော စင်ကာပူအလည်အပတ်ခရီးမှ တဆင့် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်တစ်ခုကို ဖျက်သိမ်းခဲ့ပြီးနောက် ရခိုင်အရေးကိစ္စနှင့် ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ်ကိုယ်တိုင် ဒီဇင်ဘာလ ၄ ရက်တွင် စွပ်စွဲပြစ်တင်မှုများ ပြုလုပ်ခဲ့သည်။

ခရီးစဉ်ဖျက်သိမ်းခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာလ ၆ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ရခိုင်အရေးအပေါ် အင်ဒိုနီးရှားနိုင်ငံ၏ စိုးရိမ်ပူပန်မှုနှင့်ပတ်သက်၍ တွေ့ဆုံပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly