တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသော်လည်း နိုင်ငံရေးဆွေးနွေးပွဲများစတင်ဖို့ နှစ်ဘက်လုံးမှ အဆင်သင့်ဖြစ်နေပြီဟု ဆို

တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသော်လည်း နိုင်ငံရေးဆွေးနွေးပွဲများစတင်ဖို့ နှစ်ဘက်လုံးမှ အဆင်သင့်ဖြစ်နေပြီဟု ဆို
Photo-Peace Commission

ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ။              ။ ကချင်၊ ရှမ်းမြောက်ဒေသ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော်လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရဘက်မှ အဆင်သင့်ဖြစ်နေပြီဟု ယနေ့ အဆိုပြုခဲ့သည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းဗဟိုဌာန(NRPC) တွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် (NCA) အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားသည့်အဖွဲ့တို့၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး ယခုလို အဆိုပြုခဲ့ခြင်းဖြစ်သည်။

"အစိုးရဘက်ကတော့ အဆင့်သင့်ဖြစ်ပါပြီလို့။ သူတို့အနေနဲ့ အဆိုပြုထားတဲ့နေရာ သုံးခုရှိပါတယ်။ ပြည်နယ်အနေနဲ့တော့ ကရင်ပြည်နယ်၊ တိုင်းဒေသကြီးအနေနဲ့ တနင်္သာရီတိုင်း၊ နေပြည်တော်မှာ အဲ့ဒီသုံးနေရာကို တင်ပြထားပါတယ်" ဟု ချင်းအမျိုးသားတပ်ဦး(CNF) ဒုတိယဦးဥက္ကဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ယင်းအစည်းအဝေးအပြီးတွင် ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲများကို ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ နေပြည်တော်တို့တွင် ပြုလုပ်ရန် အစိုးရမှ လျာထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှ   ပြည်နယ်များအားလုံးတွင်   ပြုလုပ်ရန်ဆန္ဒရှိနေကြသည်ဟု သိရသည်။ ထို့ကြောင့် ပြည်နယ်များအားလုံးတွင် ပြုလုပ်ရန် အဆိုတင်သွင်းခဲ့ပေမယ့် ယနေ့ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက်တစ်စုံတရာ ချမှတ်နိုင်ခြင်းမရှိဟု   ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ဆက်လက်ပြောဆိုသည်။

KNU အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းကမူ တိုင်းရင်းသား လက်နက်ကိုင်ဒေသများတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် အဆင့်သင့် ဖြစ်နေကြောင်း အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

ယနေ့ဆွေးနွေးပွဲကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမင်းရွှေတို့ကို အထူးဧည့်သည်အဖြစ် တက်ရောက်ခဲ့သဖြင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ကရင်ပြည်နယ်တွင် စတင်ကျင်းပဖို့ အလားအလာ ရှိနေကြောင်း ဝေဖန်မှုများထွက်ပေါ်ခဲ့ပေမယ့် ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းက တိတိကျကျဖြေဆိုခဲ့ခြင်းမရှိပေ။

အစည်းအဝေးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည့်အစီအစဉ် ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းရေးကိစ္စ၊ နိုင်ငံရေးဆွေးနွေးပွဲများ အဆင့်ဆင့်တွင် ဆွေးနွေးရမည့် အစီအစဉ်များ (Sequencing) ဆိုင်ရာကိစ္စ ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ လုပ်ငန်းကော်မတီများဖွဲ့စည်းရေးကိစ္စ တို့ကို ဆွေးနွေးခဲ့ကြောင်း ငြိမ်းချမ်းရေးကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

အစိုးရဘက်မှ ဒေါက်တာတင်မျိုးဝင်း၊ ဦးသိန်းဇော်၊ ဦးနိုင်ငံလင်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး တက်ရောက်ခဲ့ပြီး (၁) ပဒို စောကွယ်ထူးဝင်း၊ ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာအပါအဝင် ၉ ဦး တက်ရောက်ခဲ့သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လာမည့်  ဒီဇင်ဘာလ ၁၇ ရက်တွင် NRPC ၌ ထပ်မံဆွေးနွေးပြုလုပ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly