မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မှုအပေါ် NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့များ ကန့်ကွက်

မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မှုအပေါ် NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့များ ကန့်ကွက်

ချင်းမိုင်၊ဒီဇင်ဘာလ ၁၂ ရက် ။                   ။ ရှမ်းပြည်နယ် လွှတ်တော်က မြောက်ပိုင်းမဟာမိတ်အဖွဲ့များကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ရန်အဆိုအားအတည် ပြုခဲ့မှုကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်း ၈ ဖွဲ့က ကန့်ကွက်လိုက်သည်။

လက်ရှိ ကြိုးပမ်းနေသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်နေမှုများကို ထိ ခိုက်နိုင်သည့်အတွက် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)နှင့် (CT) အဖွဲ့တို့က ဒီဇင်ဘာလ ၁၁ ရက် ကြေငြာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်တယ်ဆိုရင်တော့ ဒါ လွှတ်တော်တို့၊ ဘာတို့က ဥပဒေအကြောင်းအရနဲ့ လုပ် မယ်ဆိုရင် အင်မတန်မှ ဆုံးရှုံုးမှုတွေ ဖြစ်ပေါ်နိုင်တာပေါ့။ ဥပမာ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွေ ၊ ယုံကြည်မှု တည်ဆောက်တဲ့ လုပ်ငန်းစဉ်တွေ၊ နောက်ပြီးတော့ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးမှုတွေက တပြည်လုံး အတိုင်းအတာနဲ့ လုပ်မယ်ဆိုတော့ ဒီလို တစ်ဖက်က နိုင်ငံရေးလမ်းကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်တယ်ဆိုရင် တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းပိတ်သွားနိုင်တယ်။ အဲဒါက အန္တရယ်ကြီးတယ်လို့ ကျနော်တို့ ပြောရတာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှင့် ခေါင်းဆောင်ကိုမဆို အကြမ်းဖက်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် အ ဖြစ် သတ်မှတ်ရန် ဆောင်ရွက်နေမှုများသည် လက်ရှိ ကြိုးပမ်းနေသော အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးများကို ထိခိုက်စေနိုင်သည့်အတွက် ဆန့်ကျင်ကန့်ကွက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းနှင့် ပတ်သက်၍ လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများအနေဖြင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်၊ UPDJC ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့် ပုဂ္ဂိုလ်များကိုလည်း မူဝါဒ မပြောင်း ရန်နှင့် မူလ ဖိတ်ကြားသည့်အတိုင်း ဆက်လက် ဖိတ်ကြား၍ မူလအတိုင်း သဘောထားရပ်တည်ရန် မေတ္တာရပ်ခံထား သည်။

လာမည့် ဒီဇင်ဘာလ ၁၃၊ ၁၄၊ ၁၅ ရက်များတွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော် ကိုယ်စားလှယ်များ မူဘောင်ဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်ကြမည်ဖြစ်ပြီး  ဒီဇင်ဘာလ ၁၆ ရက်တွင်လည်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစု ကြည်နှင့်တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ နေပြည်တော်တွင် တွေ့ဆုံရန်ရှိနေခြင်း ဖြစ်သည်။

NCA လက်မှတ်ရေးထိုးရန် အဆင်သင့်မရှိသောသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်ထောင်စု အစိုးရတို့သည် အပြုသဘောဆောင်သော ငြိမ်းချမ်းရေးကို ရှေးရှုသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင် ကြရန်လည်း တိုက်တွန်းထားသည်။

NCA လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်း ၈ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နှင့် လုပ်ငန်း အဖွဲ့ (CT)တို့၏ တတိယအကြိမ် ညှိနှိုင်းဆွေးနွေးမှုကို ဒီဇင်ဘာလ ၁၀ ရက်၊ ၁၁ ရက်များတွင် ပြုလုပ်ခဲ့ပြီး အမျိုးသား အဆင့် နိုင်ငံရေးေ ဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေး ကျင်းပနိုင်ရန်နှင့် EAOအားလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ရေး ကြိုးပမ်းသွားရန် စသည့် မူဝါဒများ ချမှတ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က KNU, RCSS, DKBA, KNLA-PC, CNF, ALP, ABSDF  စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့က NCA ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly