ပြည်တွင်းက ရွှေဈေးနှုန်းအကြောင်း တစ်စေ့တစ်စောင်း

ရန်ကုန်မြို့တွင်းရှိ ရွှေဆိုင်တစ်ဆိုင်အားတွေ့ရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ

၂၀၁၆ခုနှစ်ကို ခုနှစ်သိန်းခွဲဝန်းကျင်နဲ့ စတင်ခဲ့တဲ့ မြန်မာ့ရွှေဈေးက စက်တင်ဘာလနောက်ဆုံးအပတ်မှာ အမြင်ဆုံးဖြစ်ခဲပြီး အခု ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ပထမအပတ်မှာတော့ ရှစ်သိန်းခွဲဝန်းကျင်ရှိနေပါတယ်။ မြန်မာ့ရွှေဈေးကိုးသိန်းဖြစ်ချိန်မှာ ကမ္ဘာ့ရွှေဈေးကတစ်အောင်စကို ဒေါ်လာထောင့်သုံးရာကျော်ရှိခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ကမ္ဘာရွှေဈေးက တစ် အောင်စကို ထောင့်တစ်ရာဒေါ်လာဝန်းကျင်သာရှိတော့တာ ဖြစ်ပါတယ်။

"ဒီဒေါ်လာဈေးကတက်ပြီးတော့ ပြည်တွင်းရွှေဈေးကဘာလို့ ငြိမ်နေလဲပေါ့၊အဲဒါလည်းကမ္ဘာ့ရွှေဈေးကကျနေတာကိုကမ္ဘာရွှေဈေးကျနေတယ် ဒေါ်လာလဲနှုန်းတက်ပေမယ့် ဒီကမ္ဘာရွှေဈေးရဲ့ ဒေါ်လာငွေလဲနှုန်းနဲ့ ပြန်တွက်လိုက်တဲ့အချိုးသည် ဒီနှုန်းတာဘဲ ပြန်ဖြစ်နေတော့ ပြည်တွင်းရွှေဈေး ငြိမ်နေတဲ့သဘောသွားရောက်တယ်။" လို့
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။

ကမ္ဘာရွှေဈေးက ဆက်လက် ကျဆင်းနေတာဖြစ်ပြီး အမေရိကန်ဒေါ်လာဈေး ပြန်လည်ကျဆင်းသွားရင်တော့ ရွှေဈေးပါလိုက်ပါကျဆင်းနိုင်တယ်လို့ ပြောပြပါတယ်။ ကမ္ဘာ့ရွှေဈေးကျဆင်းနေချိန်မှာ အမေရိကန်ဒေါ်လာဈေး တည်ငြိမ်ဖို့ လိုတယ်လို့လည်း ရွှေလုပ်ငန်းရှင်တွေကပြောပါတယ်။

တိတ်စိန်ရွှေဆိုင်က ဦးဇော်အောင်ကတော့ "ရှစ်သိန်းခွဲဝန်းကျင်ကနေ သူကတော့ ဒေါ်လာဈေးပေါ်မူတည်တာပေါ့ အစိုးရက ဒီဒေါ်လာဈေးကိုကျသွားအောင် လုပ်နိုင်ရင် ရွှေဈေးတွေလည်းကျသွားလိမ့်မယ်၊ ကမ္ဘာရွှေဈေးကတော့ အားလုံးကတော့ ကျမယ်လို့ ခန့်မှန်းကြတယ်။ ကမ္ဘာ့ရွှေဈေးကတော်တော်နှိမ့်နေတယ်။ တစ်အောင်စကို ၁၃၀၀ ကျော်ကနေ ၁၁၀၀ ကျော်ကျော်ပဲရှိတယ်။ ဒေါ်လာဈေးကျရင်တော့ ကျသွားမှာပါ။" လို့ သူ့အမြင်ကို ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့သမ္မတအပြောင်းအလဲကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာပြီး ကမာ့္ဘရွှေဈေးကျလာတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

နိုင်ငံတကာမှာတော့ ကမ္ဘာရွှေဈေးနဲ့ ဒေါ်လာက ပြောင်းပြန်အချိုးကျတာဖြစ်ပြီး မြန်မာနိုင်ငံကတော့ ဒေါ်လာအသုံးပြုမှုနည်းပါးတဲ့ နိုင်ငံဖြစ်တာကြောင့် တိုက်ရိုက်နည်းပါး အချိုးကျတယ်လို့လည်းပြောပြပါတယ်။

"ကမ္ဘာ့ရွှေဈေးကတော့ ထောင့်တစ်ရာနဲ့ ခုနှစ်ဆယ်ကျော်ကျော်လောက်ရှိနေတယ်။ အဲလိုဖြစ်သွားတာလည်း ပထမတစ်ပိုင်းကတော့ အဓိက ဖြစ်သွားတဲ့အပိုင်းတွေကအမေရိကန်သမ္မတရွှေးကောက်ပွဲနဲ့ ပတ်သက်တာရှိတယ်။ အမေရိကန်သမ္မတအသစ်တက်လာလို့ရှင်ရင် အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကို သူပြုပြင်ပြောင်းလဲမှုတွေ သူလုပ်မယ် လုပ်တော့ ဒေါ်လာငွေလဲနှုန်းမာမှာပေါ့နော် ဒုတိယတစ်ချက်က အမေရိကန်ဗဟိုဘဏ်ရဲ့ပေါ်လစီအပြောင်းအလဲရှိနိုင်တယ်ပေါ့ အတိုးနှုန်းအပြောင်းအလဲရှိနိုင်တယ်။ အဲအပေါ်မှာမူတည်ပြီးတော့ ဒေါ်လာငွေက မာနိုင်တယ် စသဖြင့်ပေါ့ အဲလိုပုံစံနဲ့ ရွှေဈေးကကျသွားတယ် ဒေါ်လာမာရင် ကမ္ဘာရွှေဈေးကကျတယ်။" လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။

၂၀၁၆ ခုနှစ်အတွက် သြဂုတ်လ ပထမအပတ်မှာ ကမာ့္ဘရွှေဈေးအမြင့်ဆုံးအနေနဲ့ တစ်အောင်စကို ကန်ဒေါ်လာထောင့်သုံးရာခြောက်ဆယ်ကျော်အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ပြည်တွင်းငွေလဲနှုန်းက တစ်ဒေါ်လာကိုတစ်ထောင့်နှစ်ရာကျပ် ဝန်းကျင်သာရှိခဲ့တာကြောင့် မြန်မာ့ရွှေဈေးအမြင့်ဆုံးသို့ ရောက်ခဲ့တာမဟုတ်ဘဲ စက်တင်ဘာလ နောက်ဆုံးအပတ်မှာတော့ ကမာ့္ဘရွှေဈေးကတစ်အောင်စကို ဒေါ်လာတစ်ထောင့်သုံးရာကျော်ခဲ့သလို အမေရိကန်ဒေါ်လာကလည်း ထောင့်လေးရာဝန်းကျင်ရှိခဲ့တာကြောင့် ၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရွှေဈေးအမြင့်ဆုံးကို ရောက်ခဲ့တဲ့အချိန်ဖြစ်ခဲ့ပါတယ်။