မောင်တောခရိုင်အတွင်း ပုဒ်မ(၁၄၄) သက်တမ်း ဥပဒေကြောင်းအရ နှစ်လထပ်မံတိုး

မောင်တောခရိုင်အတွင်း ပုဒ်မ(၁၄၄) သက်တမ်း ဥပဒေကြောင်းအရ နှစ်လထပ်မံတိုး

ရန်ကုန် ၊ ဒီဇင်ဘာ ၁၁ ။               ။ မောင်တောခရိုင်အတွင်း ပုဒ်မ(၁၄၄) ထုတ်ပြန်ထားသည်မှာ ဒီဇင်ဘာ ၉ ရက်နေ့က နှစ်လပြည့်မြောက်ခဲ့သဖြင့် ဥပဒေကြောင်းအရ ထပ်မံထုတ်ပြန်ခြင်းဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက အတည်ပြုပြောဆိုသည်။

"အရင်အတိုင်းပဲ၊ ဥပဒေကြောင်းအရ သက်တမ်းထပ်တိုးတာ" ဟု ၄င်းကဆိုသည်။

မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့(ကျီးကန်းပြင်)၊ ငါးခူရနယ်မြေရုံး၊ ကိုးတန်ကောက်ရဲကင်းစခန်းတို့အား အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်ခံခဲ့ရပြီးနောက် မောင်တောခရိုင်အတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မောင်တောခရိုင်အတွင်း အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ငါးဦး သို့မဟုတ် ငါးဦးထက်ပိုသော လူများ စုဝေးခြင်းမပြုရန်နှင့် ည ရ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းလည်းဖြစ်သည်။

"အရင်တစ်ခေါက်ထုတ်ထားတုန်းက အများပြည်သူနှင့် သက်ဆိုင်သော နေရာမှာ ဘုန်းကြီးကျောင်း၊ ဗလီ၊ စာသင်ကျောင်းဆိုတာမျိုးတွေကိုထည့်ခဲ့တယ်။ အဲ့ဒါမှာနားလည်မှုတွေလွဲတယ်။ အဲ့ဒါကို အခု အများပြည်သူနှင့်သက်ဆိုင်သောနေရာများလို့ ပြောင်းထားတယ်" ဟု ရခိုင်ပြည်နယ်အစိုးရ ပြောဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ဆိုသည်။

မောင်တောခရိုင်အတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းကို ဒီဇင်ဘာ ၉ ရက်မှစပြီး နှစ်လ ပြည့်မြောက်သည့်နေ့အထိ ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၄၄ အရ ထပ်မံ၍ ပြင်ဆင်ထုတ်ပြန်ထားကြောင်း   နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly