ဆရာဝန်များအတွက် ဝန်ထမ်းအိမ်ရာများ ဦးစားပေးဆောက်မည်ဟု ဝန်ကြီး ဒေါက်တာမြင့်ထွေး ပြော

ဆရာဝန်များအတွက် ဝန်ထမ်းအိမ်ရာများ ဦးစားပေးဆောက်မည်ဟု ဝန်ကြီး ဒေါက်တာမြင့်ထွေး ပြော
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဒီဇင်ဘာ ၉ရက်၊ ၂၀၁၆ခုနှစ်)။ ။ မြန်မာနိုင်ငံအဝှမ်းတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်များ နေထိုင်ရေးအတွက် အိမ်ရာများကို လာမည့်ဘတ်ဂျက်တွင် ဦးစားပေးဆောက်လုပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဒီဇင်ဘာ ၉ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် မီဒီယာများအား ပြောကြားသည်။

“ဆရာဝန်တွေနေဖို့ အိမ်ရာကို နောက်နှစ်ဘတ်ဂျက်မှာ အကြီးအကျယ်တင်ထားတယ်။ ကျွန်တော်တို့ အခုပြဿနာတက်နေတယ်ဆိုတာ ဆရာဝန်လွတ်လိုက်ရင် မသွားချင်ဘူး။ ဘာကြောင့်မသွားချင်လဲ။ နေမယ့်အိမ် မရှိဘူး” ဟု ဒေါက်တာမြင့်ထွေးက ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်သူ့ဆေးရုံပေါင်း(၁၀၀၀)ကျော်ရှိပြီး တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များမှာ ပြင်ပတွင် ငှားရမ်းနေထိုင်ရသည့်အခက်အခဲရှိနေသည်ဟု ဒေါက်တာမြင့်ထွေးက အောက်ပါအတိုင်း ရှင်းပြသည်။

“ကျွန်တော် ခန္တီးကို ပြီးခဲ့တဲ့တစ်ခေါက်က ဒုသမ္မတနဲ့ ရောက်ခဲ့တယ်။ လက်ထောက်ဆရာဝန်(၂)ယောက် တွေ့ခဲ့တယ်။ အိမ်ငှားတာ တစ်သိန်းနဲ့နှစ်သောင်းပေးရတယ်။ နောက်တစ်ယောက်က ကိုးသောင်းလား ပေးရတယ်။ စဉ်းစားကြည့် သူ့လစာရဲ့ သုံးဆယ်ရာခိုင်နှုန်းသည် အိမ်အတွက် ငှားလိုက်ရတယ်ဆိုရင် အဓိပ္ပာယ်လုံးဝ မရှိဘူး။ ဒါတွေကို နောက်နှစ်မှာ ဦးစားပေးလုပ်မယ်။ လွှတ်တော်က မဖြတ်ဖို့ပဲ အရေးကြီးတယ်” ဟု ၎င်းက ဆိုသည်။

ဆရာဝန်များအား လစာတိုးပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာတွင်မူ “ဆရာဝန်တွေရဲ့ လစာကတော့ ချက်ချင်း တင်လို့ မရသေးဘူးလေ” ဟု ဒေါက်တာမြင့်ထွေးက ပြောသည်။

ဆေးရုံများတွင် မသန်စွမ်းသူများနှင့် အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ဦးစားပေးရန် ညွှန်ကြားထားသည်ဟုလည်း ဒေါက်တာမြင့်ထွေးက မဇ္ဈိမကို ပြောသည်။

“သူတို့လာလို့ရှိရင် တန်းစီစရာ မလိုဘူး။ ပြင်ပလူနာဌာနဖြစ်ဖြစ်၊ အတွင်းလူနာဌာနမှာဖြစ်ဖြစ် လုံးဝတန်းစီစရာ မလိုဘူး။ ပင်စင်စားလည်း ပါတယ်။ အခြားနိုင်ငံမှာဆိုရင် စစ်ပြန်အမှုထမ်းဟောင်း အဲ့ဒါတွေပါ အကုန်ပါတာ။ သူတို့တန်းစီစရာ မလိုဘူး။ တိုက်ရိုက်ဝင်ပဲ။ Token ယူစရာ မလိုဘူး။ အကုန် Order ထုတ်ထားတယ်။ ဆေးရုံတွေမှာလည်း အကုန်ကပ်မယ်။ မကပ်လို့ရှိရင် လူတွေက ကျော်ဝင်တာ ဘာညာ ဖြစ်မှာကိုး” ဟု ဒေါက်တာမြင့်ထွေးက ပြောသည်။

ထို့ပြင် အသစ်ဆောက်လုပ်မည့် ဆေးရုံများတွင် မသန်စွမ်းသူများသွားလာရေးအတွက် အဆင်ပြေချောမွေ့စေရန် ဦးစားပေးဆောက်လုပ်သွားမည်ဖြစ်ပြီး လက်ရှိဆေးရုံများတွင်လည်း မသန်စွမ်းလူနာများ သွားလာရေးလွယ်ကူစေရန် ပြင်ဆင်သွားမည်ဟုလည်း ဆိုသည်။

ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများအားလုံးနှင့် တိုင်း/ပြည်နယ်ကုသရေးဦးစီးဌာနမှူးများအားလုံးထံ လိပ်မူထားသော ဒေါက်တာမြင့်ထွေး၏ ညွှန်ကြားစာတွင် “ဆေးရုံများသို့ လာရောက်ကုသမှုခံယူကြသည့် လူနာများမှ မသန်စွမ်းလူနာများနှင့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ဦးစားပေး၍ လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးရန်၊ မသန်စွမ်းလူနာများအတွက် ပြင်ပလူနာ/အတွင်းလူနာဌာနအဖြစ် ကုသမှုခံယူရာတွင် ဝင်ထွက်သွားလာရေးနှင့် သန့်စင်ခန်းများ အသုံးပြုရာတွင် လွယ်ကူစေရေးအတွက် လိုအပ်သလို စီစဉ်ဆောင်ရွက်ရန်” ဟူ၍ ဖော်ပြထားသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly