Eleven CEO ဒေါက်တာသန်းထွဋ်အောင်အမှု ယနေ့ ဆေးအာမခံ ထပ်မံလျှောက်ထားခဲ့

Eleven CEO ဒေါက်တာသန်းထွဋ်အောင်အမှု ယနေ့ ဆေးအာမခံ ထပ်မံလျှောက်ထားခဲ့

ရန်ကုန် ၊ ဒီဇင်ဘာ ၉ ။           ။ ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် တရားစွဲခံထားရသော Eleven CEO ဒေါက်တာသန်းထွဋ်အောင်အမှုအား တတိယအကြိမ်မြောက်ရုံးထုတ်တွင် ချော်လဲခဲ့သဖြင့် လူနာတင်ကတ်ဖြင့် တရားရုံးသို့ ယနေ့ ရောက်ရှိလာခဲ့ပြီး ဆေးအာမခံထပ်မံလျှောက်ထားခဲ့သည်ဟု တရားခံအကျိုးဆောင်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

"အခုမျက်မြင်အတိုင်းပဲ အာမခံထပ်လျှောက်တယ်၊ တရားရုံးက ထောင်ဆရာဝန်ကို စစ်ဦးမယ်ပြောတယ်။ ထောင်ဆရာဝန်ကို စစ်ပြီးမှ ဒီကနေ့ အာမခံတင်တာကို စဉ်းစားမယ်လို့ ပြောတယ်" ဟု ဦးကြီးမြင့်က ပြောသည်။

အာမခံလျှောက်ထားမှုအတွက် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဆရာဝန်ကို စစ်ဆေးပြီးမှသာ လျှောက်ထားခြင်းကို လက်ခံ မခံ စဉ်းစားမည်ဟု တာမွေမြို့နယ်တရားသူကြီးက ယနေ့ဆုံးဖြတ်ခဲ့သည်။

တရားရုံးသို့ ရုံးထုတ်လာရောက်ခဲ့သည့် ဒေါက်တာသန်းထွဋ်အောင်အနေဖြင့် လူနာတင်ကတ်ဖြင့် လာရောက်ခဲ့ပြီး "ချော်လဲတာ ဘာမှမဖြစ်ဘူး မစိုးရိမ်နဲ့" ဟု ပြောဆိုခဲ့သည်။

ဒေါက်တာသန်းထွဋ်အောင်မှ ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင်လည်း ဆေးအာမခံ လျှောက်ထားခဲ့ပြီး တရားရုံးမှ ပယ်ချခဲ့ကာ တင်ပြခဲ့သည့် ကျန်းမာရေးထောက်ခံချက်သည်   ဆေးရုံမှ ထောက်ခံချက်မဟုတ်ခြင်း ၊ အကျဉ်းထောင်၌ ကုသနိုင်သည့် မှတ်တမ်းများ မရခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

၀န်ကြီးချုပ်တစ်ဦးအား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဒေါ်လာ ၁ သိန်းတန် နာရီတစ်လုံး ပေးခဲ့ကြောင်း နိုဝင်ဘာလ ၆ ရက်နေ့ Daily Eleven သတင်းစာပါ အာဘော်တွင် ဖော်ပြခဲ့ခြင်းနှင့် စပ်လျဉ်းပြီး Eleven CEO ဒေါက်တာသန်းထွဋ်အောင် နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တိုင်းအစိုးရအဖွဲ့က နိုဝင်ဘာ ၁၀ ရက်နေ့က တာမွေမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားခြင်း ဖြစ်သည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) တွင် ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း(သို့မဟုတ်) ခြိမ်းခြောက်ခြင်းလုပ်သူများကို အရေးယူရန် ပြဌာန်းထားသည်။ ဥပဒေတွင် ယင်းပုဒ်မသည် အာမခံ မရနိုင်ကြောင်း   ဖော်ပြထားသေးသည်။ ထိုပုဒ်မအတွက် ပြစ်ဒဏ် သတ်မှတ်ချက်သည် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်း ပြဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly