လူမျိုးတုန်းသတ်ဖြတ်မှုများ ရှိနေသည်ဆိုသော ပြောဆိုမှုများအား လက်လွတ်စပယ် မသုံးနှုန်းသင့်ကြောင်း ကိုဖီအာနန် ပြောကြား

လူမျိုးတုန်းသတ်ဖြတ်မှုများ ရှိနေသည်ဆိုသော ပြောဆိုမှုများအား လက်လွတ်စပယ် မသုံးနှုန်းသင့်ကြောင်း ကိုဖီအာနန် ပြောကြား
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန် ၊ ဒီဇင်ဘာ ၆ ။              ။ မြန်မာနိုင်ငံ၌ လူမျိုးတုန်းသတ်ဖြတ်မှုများ ရှိနေသည်ဆိုသော ပြောဆိုမှုများအား လက်လွတ်စပယ် မသုံးနှုန်းသင့်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ခေါင်းဆောင် မစ္စတာကိုဖီအာနန်က ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ပြည်တွင်းနေ မွတ်စလင်များနှင့်ပတ်သက်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုများ ရှိနေသည်ဟူသော စွဲချက်များအပေါ်  “ လူမျိုးတုန်းသတ်ဖြတ်မှုဆိုသည့် အသုံးအနှုန်းသည် ပြင်းထန်သည့် စကားလုံးဖြစ်သည့်အတွက်  လက်လွတ်စပယ် မသုံးနှုန်းသင့်ဘဲ ဥပဒေပိုင်းအရ တရားရုံးမှ ဆုံးဖြတ်ပြီးမှသာ သုံးနှုန်းသင့်ကြောင်း” မစ္စတာကိုဖီအာနန်က မီဒီယာများ၏ မေးမြန်းမှုကို ဖြေဆိုခဲ့သည်။

ပြီးခဲ့သည့်တနင်္ဂနွေနေ့က မလေးရှားတွင်ပြုလုပ်သည့် လူထုအစည်းအဝေးတစ်ခုတွင် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က မြန်မာနိုင်ငံ၌ လူမျိုးတုန်းသတ်ဖြတ်မှုများရှိနေသည်ဟု စွပ်စွဲထားသည်။

ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဟာဂျီဦးအေးလွင်က မလေးရှားဝန်ကြီးချုပ်၏ ပြောဆိုမှုကို အပြည်ပြည်ဆိုင်ရာ၏ တုန့်ပြန်ချက်တစ်ခုအနေဖြင့်သာ မှတ်သားထားကြောင်း ပြောသည်။ "ကျွန်တော်တို့ကော်မရှင်ဟာ အကြံပေးဖို့အတွက် အချက်အလက်စုဆောင်းနေတာပဲ ဖြစ်ပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့ အပြည်ပြည်ဆိုင်ရာက ဘယ်လိုရှုမြင်သုံးသပ်တယ်ဆိုတာ အမြဲတမ်းမှတ်ယူနားထောင်နေပါတယ်" ဟု ဆိုသည်။

ထို့ပြင် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော မောင်တောနယ်ခြားစောင့်တပ်ဖွဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုများကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ အသိုင်းအဝိုင်းနှစ်ခုအကြား တင်းမာမှုများ တွေ့မြင်ခဲ့ရကြောင်း မစ္စတာ ကိုဖီအာနန်က ပြောဆိုခဲ့သည်။ " မုဒိမ်းကျင့်တာ ၊ မီးလောင်တာတွေမမြင်ရဘူးဆိုတာ ကျွန်တော်တို့က ပဋိပက္ခဖြစ်နေဆဲကာလမှာ သွားရောက်ခဲ့တာ မဟုတ်ပါဘူး။ ဒေသကို ရောက်တဲ့အချိန်မှာ အသိုင်းအဝိုင်းနှစ်ခုအကြားမှာ တင်းမာမှုတွေ ရှိတယ်လို့တော့ ခံစားရပါတယ်" ဟု  ကိုဖီအာနန်က ပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များသည် နှစ်ဖက်လူမှုအသိုင်းအဝိုင်း၏ တင်းမာမှုများ လျှော့ချပေးရေးကို ရှေးရှုသွားမည်ဖြစ်ကြောင်း ၊ ယင်းဒေသနှင့်ပတ်သက်ပြီး " လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပွားတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်တာကြောင့် ကော်မရှင်အနေနဲ့ အထူးစိုးရိမ်ပူပန်မှုတွေ ရှိပါတယ်" ဟု ကိုဖီအာနန်က ထည့်သွင်းပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း မြေပြင်အခြေအနေများအား ကွင်းဆင်းလေ့လာပြီးနောက် တွေ့ရှိချက်များကို ၁၂ လအတွင်း အစိုးရထံ အစီရင်ခံစာ တစ်စောင်တင်သွင်းမည်ဖြစ်ပြီး ကြားဖြတ်အစီရင်ခံစာတစ်စောင်ကို လာမည့်နှစ်ဆန်းပိုင်းတွင် တင်သွင်းသွားရန်ရှိနေကြောင်း ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟာဂျီဦးအေးလွင်က ပြောထားသည်။

ကော်မရှင်မှ ဒီဇင်ဘာလ ၂ ရက်မှ ၄ ရက်နေ့အထိ ရခိုင်ပြည်နယ်၊ စစ်တွေ၊ မောင်တောနှင့် မြောက်ဦးဒေသများသို့ သွားရောက်ခဲ့ကာ နှစ်ဖက်အသိုင်းအဝိုင်းများနှင့် တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်နေ့တွင် နေပြည်တော်၌ နိုင်ငံတော်သမ္မတ ၊ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့နှင့် တွေ့ဆုံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly