အမျိုးသမီးဆိုတာ ဗိုလ်ချုပ်ကနေ သမ္မတအထိ တာဝန်ယူနိုင်တယ်။ ယူရာမှာလည်းအောင်မြင်စွာ စွမ်းဆောင်နိုင်တယ်

အမျိုးသမီးဆိုတာ ဗိုလ်ချုပ်ကနေ သမ္မတအထိ တာဝန်ယူနိုင်တယ်။ ယူရာမှာလည်းအောင်မြင်စွာ စွမ်းဆောင်နိုင်တယ်

ရွေးကောက်ပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၈၀ ခန့် ပါဝင်ယှဉ်ပြိုင်မည့် တ.စ.ည ပါတီမှ ဦးထွန်းရီနှင့်တွေ့ဆုံခြင်း

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲဝင်ရန်  တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ကိုယ်စား လှယ်လောင်းများရွေးချယ် ပြီးဖြစ်ရာ ကိုယ်စားလှယ်လောင်းများတွင်  အမျိုးသမီး ၇၉ ဦး ပါဝင်သည်။  

တ.စ.ည ပါတီ၏ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းမှာ ၇၄၉ ဦးရှိပြီး အမျိုးသမီး ၇၉ ဦး ပါဝင်သည့်အတွက်  ကိုယ်စားလှယ် အရေအတွက်၏ ၁၀ ရာခိုင်နှုန်းကျော် ပါဝင်သည်ဟု ဆိုရမည်ဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသမီး အမတ်လောင်းအများစု ပါဝင်နိုင်ရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲ အပြီးကပင် ပါတီတွင်း အမျိုးသမီးကော်မတီကို သီးသန့်ဖွဲ့စည်းကာ နိုင်ငံရေးတွင် အမျိုးသမီး ပါဝင်မှု များပြားလာအောင် ဦးတည်ဆောင်ရွက် ခဲ့ပြီး အမတ်လောင်း ရွေးချယ်ရာတွင်လည်း တစ်မြို့နယ်တစ်ယောက် ပါဝင်နိုင်ရေးကို ဦးစားပေးခဲ့သည်ဟု တ.စ.ည ပါတီက မဇ္ဈိမကို ပြောဆိုထား သေးသည်။

ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများကို တ.စ.ည ပါတီဌာနချုပ် တွင် ဇူလိုင်လ ၇ ရက်မှ ၉ရက်အထိ ပြုလုပ်သည့် ဗဟိုအလုပ်မှုဆောင်များနှင့် တိုင်း/ပြည်နယ် ဥက္ကဋ္ဌများ အစည်းအဝေးတွင် အပြီးသတ် ရွေးချယ်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်၍  အမျိုးသမီး ကိုယ်စားလှယ် အမျိုးသမီး ကိုယ်စားလှယ် ၈၀ ခန့်  ပါဝင်ယှဉ်ပြိုင်မည့်  တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည)မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းရီနှင့်ပါတီ၏ အမျိုးသမီးမူဝါဒ၊ အမျိုးသမီး ကိုယ်စားလှယ်လောင်းများ အတွက် ကြိုတင် ပြင်ဆင်သည့် အခြေအနေ၊ အခက်အခဲ အစရှိသည်တို့ကို မဇ္ဈိမကမေးမြန်းခဲ့ ပြီးကောက်နှုတ် တင်ပြပေးထား သည်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ တစညကနေ အမျိုးသမီး ကိုယ်စားလှယ်လောင်း ဘယ်နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိပါသလဲ။

တစညက မြို့နယ် ၂၄၀ ဝင်ပြိုင်ရာမှာ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၇၄၉ ဦးအနက် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၇၉ ဦးဆိုတော့ ၈၀ နီးပါး ပါပါတယ်။  ၉၀ လောက်က ကျွန်တော်တို့က ပါဝင်ဖို့ ရည်မှန်းထားတာပါ။ တကယ်ဝင်ပြိုင်မှာကတော့ ၇၉ ဦး ဖြစ်ပါတယ်။

တစည အနေနဲ့ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ များများပါဖို့ လုပ်ဆောင်ခဲ့တဲ့ ရည်ရွယ်ချက် ကိုပြောပေးပါဦး။

အန်ကယ်တို့ ပါတီရဲ့မူဝါဒကိုက အများစု ကောင်းစားရေး ဖြစ်ပါတယ်။ ဒီလိုအများစု ကောင်းစားရေး ဆိုရာမှာ တိုင်းပြည်ရဲ့ လူအများစုဖြစ်တဲ့ အမျိုးသမီးတွေဟာ သူတို့အခန်းကဏ္ဍ ကျယ်ကျယ်ပြန့်ပြန့် ပါလာရင် ပါလာနိုင်တဲ့အလျောက် တိုင်းပြည်အကျိုး သယ်ပိုးနိုင်ပြီး ကောင်းမွန်တဲ့ ရလဒ်တွေ ပိုမိုရလာနိုင်မယ်လို့ ယုံကြည်တယ်။ ယုံကြည်တဲ့အလျောက်လည်း အမျိုးသမီး ကိုယ်စားလှယ်တွေ တစ်မြို့ နယ်ကို အနည်းဆုံး တစ်ယောက်နှုန်းလောက်ပါနိုင်ဖို့ ဦးတည်ချက်ထားပြီး တွန်းအားပေး အကောင် အထည် ဖော်ခဲ့တာပါ၊

ဝင်ပြိုင်မယ့် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေအတွက် ဘယ်လို ကြိုတင်ပြင်ဆင်မှုတွေ လုပ်ပေးပါသလဲရှင့်။

အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေအတွက် အရည်အချင်း ပြည့်ဝစေဖို့ ပါတီထဲမှာလည်း သင်တန်း တွေပေးသလို ၊ အန်ဂျီအို အိုင်အန်ဂျီအိုတွေက သင်တန်းတွေကိုလည်း စေလွှွှတ်ပါတယ်၊ ရွေးကောက် ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီး ကိုယ်စား လှယ်လောင်းတွေကို သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဥက္ကဋ္ဌတွေရဲ့ အစီအစဉ်နဲ့  လိုအပ်တဲ့ အာမခံကြေးကအစ ကျန်တဲ့ လိုအပ် တာမှန်သမျှ လုပ်ကိုင် ပေးသွားမှာပါ။  အန်ကယ်တို့ပါတီက gender (ကျားမ ရေးရာ) ပေါ်လစီရှိတာကို လက်ခံတယ်၊ လက်ခံတဲ့ အတိုင်းလည်း ပါတီမှာ gender မျှတစေဖို့အတွက် အမျိုးသမီး ပါဝင်နှုန်းကို များနိုင်သမျှများ အောင်လုပ်ဆောင်ထားတယ်။

အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ များများ ပါဝင်အောင် လုပ်ဆောင်ရာမှာ ဘယ်လို အခက်အခဲတွေ တွေ့ခဲ့ရပါသလဲ။

အန်ကယ်တို့အနေနဲ့ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ရှာရာမှာ ကြိုးကြိုးစားစား ရှာရတဲ့ အနေအထား ရှိပါတယ်။မြန်မာနိုင်ငံမှာ လူများစု လက်ခံကျင့်သုံးနေတဲ့ လူမှုဓလေ့ ထုံးတမ်းတွေအရ အမျိုးသမီးတွေက ရှေ့မထွက်လာကြဘူး၊ အရည်အချင်းတွေ ထုတ်မသုံးရဲသေးဘူး။ ဒါမျိုးတွေရှိနေ သေးတော့  အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ရှာဖွေရာမှာ အထိုက်အလျောက်တော့ အခက်အခဲ ရှိပါတယ်။ အန်ကယ်တို့က တစ်မြို့နယ်ကို အမျိုးသမီး ကိုယ်စားလှယ် တစ်ဦးလောက် အနည်းဆုံး ပါစေချင်တော့  အခုအန်ကယ်တို့ပါတီက ဝင်ပြိုင်မယ့် မြို့နယ်နှစ်ရာကျော်မှာ အမျိုးသမီး ကိုယ်စားလှယ်က ၇၉ ဦးပဲ ရှိနေသေးတာဆိုတော့ နည်းနေသေးတယ်လို့ပဲ ပြောရဦးမယ်။

အမျိုးသမီးတွေဘက်ကရော ဘယ်လို အခက်အခဲတွေကြောင့် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အားနည်းနေရ တာလို့ မြင်ပါသလဲရှင်။

အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေဟာလည်း ကိုယ်စားလှယ်လောင်းတစ်ဦး ပုံမှန်ဖြတ်သန်းရမယ့် အခက်အခဲတွေ ကိုဖြတ်သန်း ရတာခြင်း အတူတူပါပဲ။ အဲဒီမှာမှ အစောက ပြောခဲ့သလိုပါပဲ မြန်မာလူမျိုးတွေရဲ့ အများစု လက်ခံကျင့်သုံးနေတဲ့ ယဉ်ကျေးမှုအရ အမျိုးသမီးတွေဆိုတာ ကိုယ့်အရည်အချင်းကို ထုတ်ဖော်လှုပ်ရှားနိုင်ဖို့က အထိုက်အလျောက် အဟန့်အတားတွေ အခက်အခဲတွေရှိ နေပြီးသားဖြစ်တယ်။ အမျိုးသမီးတွေအနေနဲ့ အိမ်ထောင်ရှင်မ မဖြစ်ခင်ကော၊ ဖြစ်ပြီးသွားရင်ကော အိမ်ထောင့် အရေးကိစ္စကို အများကြီး တာဝန်ယူထားရတယ်။ ခုခေတ်မှာ အမျိုးသမီးတွေဟာ ကိုယ့်စီးပွားလည်း ကိုယ်ရှာရတယ်၊ အိမ်ထောင် ရှင်မ ဖြစ်ပြီးသွားရင်တော့ ကိုယ့်စီးပွား ကိုယ်ရှာရတာမျိုးသာမက အိမ်ကိစ္စတွေတွေပါ ဖိစီးလာတယ်၊ စီးပွားရှာရတာ မရှိရင်လည်း သက်ဆိုင်တဲ့မိသားစုရဲ့ သြဇာအရှိန်အဝါကို မလွန်ဆန်နိုင်လို့ နိုင်ငံရေးမှာ ဝင်မပါဖြစ်တာမျိုးလည်း ရှိမယ်၊ ဝင်ပါဖို့ဆိုရင်အများကြီး အဆင့်တွေ ကျော်ဖြတ်ရတယ်။ ဒါတွေအပြင် သူတို့ဟာ အမျိုးသား ကိုယ်စားလှယ်လောင်းတွေလိုပဲ ကိုယ်စားလှယ်လောင်း တစ်ဦး လိုအပ်တဲ့ အရည်အချင်းတွေ ထပ်ဖြည့်ရသေးတယ်။ ဒီလိုမျိုး အကြောင်းအချက်တွေကြောင့် အမျိုးသမီးတွေ ဘက်က ဝင်ရောက်ယှဉ်ပြိုင်ဖို့ အားနည်းနေရတာလို့ သုံးသပ်မိတယ်။

အန်ကယ်တို့အနေနဲ့ အမျိုးသမီး ပါဝင်မှုကို ပါတီထဲမှာ  ကိုတာစနစ်လိုမျိုး သတ်မှတ်ထားတာများ ရှိပါသလား။

ကိုတာစနစ်တော့သီးသန့်သတ်မှတ်ထားတာ မရှိသေးပါဘူး။ အကောင်အထည်ဖော်ဆောင်ရာမှာလည်း လက်ရှိအခြေအနေတွေ အရ ခက်ခဲမှုရှိနေလို့ပါ။ လောလောဆယ်မှာတော့ အမျိုးသမီးတွေ များများပါဝင်ဖို့ကိုပဲ အဓိကထား လုပ်ဆောင်ပေးနိုင်ပါသေး တယ်။

အမျိုးသမီးတွေ နိုင်ငံရေးလောကမှာ ခေါင်းဆောင်နေရာကို ရောက်ရှိဖို့ ဘာတွေ လုပ်ဆောင်ပေးဖို့ လိုမလဲ။

ယေဘုယျအားဖြင့်ဆိုရင် “ပုခက်လွှဲသော လက်သည် ကမ္ဘာကို ကိုင်လှုပ်နိုင်သည်” ပေ့ါ အရင်က ပြောကြတဲ့ အနေအထား ဒါတွေ ကိုခေတ်နဲ့အညီ ပြောင်းလဲပစ်ရမယ်။ ပုခက်လွှဲနေရုံနဲ့ မပြီးဘူးလေ၊ အမျိုးသမီးဆိုတာ ဗိုလ်ချုပ်ကနေ သမ္မတအထိ တာဝန်ယူနိုင် တယ်။ ယူရာမှာလည်း အောင်မြင်စွာ စွမ်းဆောင်နိုင်တယ်။ ဒါကို နိုင်ငံအချို့မှာ သက်သေအနေနဲ့ မြင်တွေ့နိုင်ပါတယ်။ ဒါဟာဘာ ကိုပြောနေသလဲဆိုတော့ အမျိုးသမီးသည်လည်း သူကျရာနေရာမှာ ယူရတဲ့ တာဝန်ကို ကျေပွန်ကောင်းမွန်စွာ လုပ်ဆောင်နို်င် တယ် ဆိုတာကို ပြနေတာပါပဲ။

အန်ကယ်တို့ ပါတီအနေနဲ့က သူများကြွေးကြော်လို့ လိုက်ပြီးလုပ်နေတာ မဟုတ်ဘဲ နိုင်ငံရဲ့ အခြေအနေ၊ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့အရေး စတာတွေနဲ့ ယှဉ်သုံးသပ်ပြီးမှ အမျိုးသမီးတွေကို နိုင်ငံရေး ခေါင်းဆောင်နေရာက နေရာပေးနိုင်ဖို့အတွက် စီစဉ် လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်။ 

ဒီလိုပဲ အစိုးရပိုင်းကလည်း လုပ်ဆောင်ပေးဖို့လိုသလို၊ ပြည်သူတွေဘက်ကလည်း  အတွေးအမြင်တွေ ပြောင်းလဲဖို့ အချိန်တန် လာပါပြီ။ ဘာလို့လည်းဆိုတော့ လက်ရှိ လွှွှတ်တော်ထဲမှာကိုပဲ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေရဲ့ ပြည်သူ့ အကျိုးဆောင် ရွက်မှုကို တွေ့မြင်နေနိုင်ပြီ ဖြစ်ပါတယ်။  တိုင်းပြည် တာဝန်ဆိုတဲ့ စကားမှာကိုကတည်းက တိုင်းသူပြည်သူသားတွေရဲ့ အားလုံး ရဲ့တာဝန်ဆိုတဲ့ အဓိပ္ပာယ် ရှင်းပြီးသားပဲ၊ ဒီတာဝန်ဟာ အမျိုးသား အမျိုးသမီး အားလုံးနဲ့ဆိုင်ပါတယ်။

ဒီတော့ အမျိုးသမီးတွေလည်း တိုင်းပြည်တာဝန်ကို အမျိုးသားများနဲ့ တန်းတူယူရမှာဖြစ်သလို တာဝန်ယူနိုင် အောင်လည်း အားလုံးက လမ်းဖွင့်ပေးဖို့ လိုအပ်ပါတယ်။

ဖြည့်စွက် ပြောချင်တာများ ရှိရင်ပြောပြပေးပါဦး။

ပြောချင်တာကတော့ဘယ်ပါတီကပဲရွေးရွေး ပြည်သူတွေက ဆုံးဖြတ်ပေးပြီး လက်ခံမှပဲ အမျိုးသမီးတွေအနေနဲ့ ကိုယ့်အရည် အချင်း ကိုဖော်ထုတ်ပြသခွင့် ရမှာပါ။ မဲဆန္ဒရှင်ပြည်သူတွေ ဘက်ကလည်း အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းတွေကို မြင်အောင် သေချာကြည့်ပြီး မဲပေးရွေးချယ်ပေးဖို့ လိုပါတယ်။

ကျေးဇူးတင်ပါတယ်ရှင်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags