တွန်းအားတွေ၊ အင်အားတွေ မရှိတာကြောင့် တစ်ကိုယ်တော်ရှိုးပွဲ မလုပ်တဲ့ ချောစုခင်

တွန်းအားတွေ၊ အင်အားတွေ မရှိတာကြောင့် တစ်ကိုယ်တော်ရှိုးပွဲ မလုပ်တဲ့ ချောစုခင်
ဓာတ်ပုံ-အေးဇော်မိုး(စက်မှု)

ရန်ကုန်။ ။ ဒီဇင်ဘာ ၂  ။               ။ ပရိသတ်တွေက တစ်ကိုယ်တော်ရှိုးတွေ၊ တစ်ကိုယ်တော် အခွေတွေ တောင်းဆိုနေကြပေမယ့် အင်အားတွေ၊ တွန်းအားတွေ မရှိတာကြောင့် သူရဲ့ တစ်ကိုယ်တော် ရှိုးပွဲတွေ မလုပ်ဖြစ်တာ  ဖြစ်တယ်လို့ အဆိုတော် ချောစုခင်က ပြောပါတယ်။

ချောစုခင်က “ တစ်ကိုယ်တော်အခွေတို့၊ တစ်ကိုယ်တော်ရှိုးပွဲတို့ ဆိုတာက အဆိုတော်တိုင်း လုပ်ချင်ကြပါတယ်။ ဒါပေမယ့် အစ်မမှာ လုပ်နိုင်တဲ့ အင်အားလည်း မရှိသေးဘူး။ လုပ်ချင်တဲ့ တွန်းအားတွေလည်း မရှိသေးဘူး။အခုဆို အစ်မစိတ်တွေ မငြိမ်းချမ်းဘူး။ ပရိသတ်တွေ၊ သူငယ်ချင်းတွေက ပြောတယ်။ နင် လုပ်ချိန်တန်ပြီ ၊လုပ်တော့ပေါ့။ ဒါပေမယ့် ပရိသတ်ကို သီချင်းအသစ်တွေ ပေးချင်တယ်။ သီချင်းအသစ်တွေလည်း  အစ်မမှာ မရှိသေးဘူး” လို့ ပြောပါတယ်။

အိမ်ထောင်သည် မိခင်တစ်ယောက်အနေနဲ့ မိသားစုနဲ့ ကလေးတွေအပေါ် အချိန်ပိုပေးဖြစ်တာ ကြောင့်လည်း အခုလို တစ်ကိုယ်တော်အတွက် တေးသီချင်းတွေကို ဖန်တီးနိုင်ခြင်း မရှိသေးတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

“နောက်ပြီးတော့ အစ်မက အိမ်ထောင်သည်လည်း ဖြစ်တယ်ဆိုတော့ သမီးလေးတွေနဲ့ နေရတာ ပိုကြိုက်လာတယ်။ သူတို့လေးတွေကို ဂရုစိုက်နေရတာကို သဘောကျတယ်။ ဒါ့ကြောင့်လည်း ပါတယ်ပေါ့။ အဓိကကတော့ အစ်မ ကိုယ်တိုင်ကိုက လုပ်နိုင်တဲ့ စိတ်ခွန်အားတွေ မရှိသေးတာ ကြောင့်ပါ။ လုပ်တော့ လုပ်ဖြစ်မှာပါ။ ဘယ်အချိန်ဆိုတာတော့ အစ်မလည်း မပြောတတ်သေးဘူး” လို့ ထပ်မံပြောပါတယ်။

လတ်တလောမှာ အဆိုတော် ချောစုခင်က နိုင်ငံခြား ခရီးစဉ်တွေနဲ့ နယ်ရှိုးတွေမှာ သီဆိုနေရပြီး အိမ်မက်ဆုံရာမှာ ဒိိုင်အဖြစ် ပါ၀င်ဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly