မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုမှာ ယခင်အခြေအနေ၏ ထက်ဝက်ခန့်သာရှိ

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုမှာ ယခင်အခြေအနေ၏ ထက်ဝက်ခန့်သာရှိ
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တရုတ်မူဆယ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအား တွေ့ရစဉ်။ ဓာတ်ပုံ-မဇ္ဈိမ

ရန်ကုန် ၊ ဒီဇင်ဘာ ။               ။ မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးစခန်း၏ လက်ရှိကုန်သွယ်မှုပမာဏမှာ နိုဝင်ဘာ ၂၅ ရက်နောက်ပိုင်း ယခင်အခြေအနေ၏ ထက်ဝက်ခန့်သာ ရှိနေသည်ဟု သိရသည်။

ကုန်သွယ်မှုမှာ ယခင်က တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ရှိသော်လည်း ယခုအချိန်တွင် ယခင်ပမာဏ၏ ၄၅ ရာခိုင်နှုန်းသာ ရှိကြောင်း မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးမှ ဦးစီးအရာရှိ ဦးဇော်မင်းက မဇ္စျိမသို့ ပြောသည်။

" ကုန်သွယ်မှုပမာဏက ၄၅ ၊ ၅၀ ရာခိုင်နှုန်းလောက်ပဲ ရှိတာပေါ့ " ဟု ဦးဇော်မင်း ဆိုသည်။ နယ်မြေလုံခြံုရေးအခြေအနေများကြောင့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်ရေးလုပ်ငန်းများကို နိုဝင်ဘာ ၂၀ ရက်ကနေ ၂၅ ရက်နေ့အထိ ၅ ရက်ကြာ ရပ်နားထားခဲ့ရသည်။

သို့ပေမယ့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဂိတ်ကို ပြန်ဖွင့်ပေးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်နေ့ကစပြီး ပို့ကုန် သွင်းကုန် ပို့ဆောင်သည့် ကားစီးရေ တဖြည်းဖြည်းများပြားလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီးရုံး လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် ကဆိုသည်။

"အခုလက်ရှိအချိန်မှာတော့ နည်းနည်းလေး တိုးတက်လာပြီ။ အရင်က ဒေါ်လာ ၁၀ သန်းဝန်းကျင်လောက် ကုန်သွယ်မှုလုပ်တာပေါ့။ အခု ဒေါ်လာ ၄ သန်းကနေ ၆ သန်း ၀န်းကျင်လောက် ပြန်လုပ်လာကြတယ်" ဟု ဆိုသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းသည် အကြီးဆုံး နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တစ်ခုဖြစ်ကာ တရုတ်နိုင်ငံနှင့် အဓိကချိတ်ဆက်လုပ်ကိုင်နေသည့် ကုန်သွယ်ရေးစခန်းလည်းဖြစ်သည်။

ကချင်တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ (KIO/KIA) ၊ တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင် အဖွဲ့ (MNDAA)တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၂၀ ရက်တွင် ရှမ်းပြည်နယ် အရှေ့ မြောက်ဒေသရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအပါအဝင် အစိုးရလုံခြံုရေး တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ရာမှ ယင်း ဒေသတွင် တိုက်ပွဲများ နေ့စဉ်ဖြစ် ပေါ်နေပြီး ကုန်တင်ယာဉ်မောင်း များအပါအဝင် အရပ်သားသေ ဆုံးမှု၊ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly