Eleven CEO နှင့် အယ်ဒီတာချုပ်တို့၏ အာမခံလျှောက်ထားမှု ပလပ်ခံရ

Eleven CEO နှင့် အယ်ဒီတာချုပ်တို့၏ အာမခံလျှောက်ထားမှု ပလပ်ခံရ
နိုဝင်ဘာလ ၃၀ ရက်နေ့တွင်  Eleven CEO ဒေါက်တာသန်းထွဋ်အောင်အား တာမွေမြို့နယ်တရားရုံးတွင် ရုံးထုတ်လာပုံ။ ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ နိုဝင်ဘာ ၃၀ ။           ။ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခံထားရသည့် Eleven CEO ဒေါက်တာသန်းထွဋ်အောင် နှင့် အယ်ဒီတာချုပ်ဦးဝေဖြိုးတို့၏ အာမခံလျှောက်ထားမှုကို တာမွေမြို့နယ်တရားရုံးက ယနေ့ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ပယ်ချလိုက်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်နေ့က တာမွေမြို့နယ်တရားရုံးတွင် ပထမဆုံးရုံးထုတ်စစ်ဆေးစဉ် Eleven CEO ဒေါက်တာသန်းထွဋ်အောင်၏ ကျန်းမာရေးကြောင့် အာမခံပေးရန်   လျှောက်ထားခဲ့ခြင်းလည်းဖြစ်သည်။

တင်ပြခဲ့သည့် ကျန်းမာရေးထောက်ခံချက်သည် ဆေးရုံမှ ထောက်ခံချက်မဟုတ်ခြင်း ၊ အကျဉ်းထောင်၌ ကုသနိုင်သည့် မှတ်တမ်းများ မရခြင်းကြောင့် ပလပ်ခံရခြင်းဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေ ဦးကြီးမြင့်က ပြောဆိုခဲ့သည်။

"ပြည်မှာ အာမခံပေးတယ်၊ နောက်တစ်ခုက ပဲခူးမှာ အာမခံပေးတယ်၊ အတူတူပဲ၊ ၆၆(ဃ)ပဲ၊ အဲ့တော့ အဲ့ဒီဟာတွေက ဥပဒေနဲ့ မညီညွတ်ဘူးလို့ ဆရာတို့က ယူဆတယ်။ ဒါနဲ့ပတ်သက်လို့ လုပ်ဆောင်သင့်တာတွေကို ဥပဒေနဲ့အညီဆက်လက်လုပ်ဆောင်သွားမယ်" ဟု ဦးကြီးမြင့်က ဆိုသည်။

တာမွေမြို့နယ်တရားရုံးသို့ မနက် ၁၀ နာရီခန့်က ရောက်ရှိလာသည့် Eleven CEO ဒေါက်တာသန်းထွဋ်အောင်အနေဖြင့် အမှုကိစ္စနှင့်ပတ်သက်ပြီး တစ်စုံတရာ မှတ်ချက်ပြုပြောဆိုခြင်းမရှိပေ။

ဝန်ကြီးချုပ်တစ်ဦးအား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဒေါ်လာ ၁ သိန်းတန် နာရီတစ်လုံး ပေးခဲ့ကြောင်း နိုဝင်ဘာလ ၆ ရက်နေ့ Daily Eleven သတင်းစာပါ အာဘော်တွင် ဖော်ပြခဲ့ခြင်းနှင့် စပ်လျဉ်းပြီး Eleven CEO ဒေါက်တာသန်းထွဋ်အောင် နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တိုင်းအစိုးရအဖွဲ့က နိုဝင်ဘာ ၁၀ ရက်နေ့က တာမွေမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားခြင်း ဖြစ်သည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) တွင် ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း(သို့မဟုတ်) ခြိမ်းခြောက်ခြင်းလုပ်သူများကို အရေးယူရန် ပြဌာန်းထားသည်။ ဥပဒေတွင် ယင်းပုဒ်မသည် အာမခံ မရနိုင်ကြောင်း   ဖော်ပြထားသေးသည်။ ထိုပုဒ်မအတွက် ပြစ်ဒဏ် သတ်မှတ်ချက်သည် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်း ပြဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly