နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံဝင်းထဲရှိကားများ ပြင်ဆင်စရိတ်မရှိ၍ အသုံးပြုဘဲရပ်ထားခြင်းဟု ပြော

နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံဝင်းထဲရှိကားများ ပြင်ဆင်စရိတ်မရှိ၍ အသုံးပြုဘဲရပ်ထားခြင်းဟု ပြော
လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများ။ ဓာတ်ပုံ-Ko Kaung Kaung facebook

ရန်ကုန်၊ နိုဝင်ဘာ ၂၉ ။              ။ ရန်ကုန်မြို့ နား၊ နှာခေါင်း လည်ချောင်းဆေးရုံဝင်းတွင် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ  လှူဒါန်းခဲ့သည့် ကား အစီး ၁၀၁ စီးအား မပြင်ဆင်ရသေးခြင်းကြောင့် အသုံးမပြုဘဲရပ်ထားခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်သို့ ဘတ်ဂျက်တောင်းခံထားကြောင်း ကျန်းမာရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ မြတ်ဝဏ္ဏစိုးက မဇ္စျိမသို့ ပြောသည်။

 “ ကားတွေက မပြင်ရသေးလို့ပါ။ ကျွန်တော်တို့ကို လှူဒါန်းထဲက တာယာတွေ ၊ ဘက်ထရီတွေ လဲရဦးမယ် ။ ၁၀၁ စီး ဆိုတော့လည်း အဲဒီအတွက်ကို နိုင်ငံတော် ဘက်ဂျက်ကို ရန်ပုံငွေတောင်းခံထားဆဲဖြစ်လို့ပါ ” ဟု ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောဆိုသည်။

မြန်မာနိုင်ငံရှိ လူနာတင်ယာဉ်အခက်အခဲအတွက် ဂျပန်နိုင်ငံမှ အသုံးပြုပြီးသောကားများကို နီပွန်ဖောင်ဒေး ရှင်းမှ ပြန်လည်ပြင်ဆင် လှူဒါန်းနေခြင်းဖြစ်သော်လည်း ယခုတစ်ကြိမ်မှာ ကျန်းမာရေးဝန်ကြီးဌာနမှ ပြန်လည် ပြင်ဆင်ရရန်ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောသည်။

၂၀၁၃ ဆီးဂိမ်းမတိုင်မှီက ပထမဆုံးအကြိမ်အဖြစ် အစီး ရ၀၊ ဒုတိယအကြိမ်တွင် ၄၂ စီးနှင့် ယခု တတိယအကြိမ်အဖြစ် လူနာတင်ယာဉ် ၁၀၁စီး အား နီပွန်ဖောင်ဒေးရှင်းမှ ကျန်းမာရေးဝန်ကြီးဌာနသို့ လူနာတင်ယာဉ်များ  လှူဒါန်းခဲ့ခြင်းဖြစ်သည်။

“ အစိုးရဌာနကျတော့ သက်ဆိုင်ရာဘက်ဂျက်တွေ တင်ပြတောင်းခံရတာရှိတာပေါ့ ကားအစီးကလည်း ၁၀၀ ကျော်ဆိုတော့ ပြင်ရမယ့်ပမာဏကလည်း များတာပေါ့လေ ။ သန်း ၂၀၀ကျော်လောက်တော့ ကျမယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားတာပဲလေ ။ ဒီ အစီး ၁၀၀ကျော်ကိုပြင်မယ်ဆိုရင်တော့ အဲ့လောက်တော့ကျမှာပဲ ” ဟု ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောဆိုသည်။

ယခုတစ်အကြိမ်မှာ ဆိပ်ကမ်းတွင် ပါမစ်ကိစ္စနှင့် ပေါ်လစီအပြောင်းများရှိသွားသည့်အတွက် ၁ နှစ်ခန့် ကြာသွား ပြီး ထုတ်လာသည့်အခါတွင်လည်း ကားများကို ချက်ချင်းအသုံးပြု၍ မရနိုင်သေးဘဲ ပြင်ဆင်ရန်လိုအပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

“ အခုကျွန်တော်တို့ဆိပ်ကမ်းကထုတ်တာတောင်မှ ဘက်ထရီတွေငှားပြီးတော့ အဲ့လို သယ်လာရတဲ့ အနေ အထားရှိတယ်။ ကျွန်တော်တို့ ၀န်ကြီးဌာနကိုလည်း တင်ပြထားပါတယ် ။ ၀န်ကြီးဌာနဆုံးဖြတ်ချက်ရရင် ပြင်ဆို လည်းပြင် ၊ ဘက်ဂျက်ရရင် ပြင်မယ်။ ပြင်ပြီးတော့ မြို့နယ်တစ်ခုကို တစ်စီးစီ ၊ အဲဒီလိုပေးမှာ ” ဟု ၄င်းကဆက်လက်ပြောသည်။

အဆိုပါကားများသည် ၂၀၁၆ ခုနှစ် ဧပြီလတွင် ကျန်းမာရေးဦးစီးဌာနသို့ရောက်ရှိလာပြီး ပြင်ဆင်ရမည် ဖြစ်သောကြောင့် အဆိုပါ ဆေးရုံဝင်းတွင် ထားရှိခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန သတင်းအချက်အလက်များ အရသိရသည်။

နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံဝန်းထဲတွင် ရပ်ထားသည့် နီပွန်ဖောင်ဒေးရှင်းမှ ကားများသည် လက်ရှိအချိန်တွင် ရေညှိများတက်နေပြီး အချို့ကားကိုယ်ထည်များမှာ သံချေးများ တက်နေသည်ကို တွေ့ရှိရသည်။

ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းသည် ၂၀၀၈ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံသို့ တိုင်းရင်းဆေးသေတ္တာများ လှူဒါန်းမှုဖြင့် အကူအညီများ စတင်ပေးခဲ့သည့် အဖွဲ့လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly