ကိုဖီအာနန်၏ ရခိုင်ခရီးစဉ် အပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြင့် တွေ့ဆုံရန် အလားလာရှိနေ

ကိုဖီအာနန်၏ ရခိုင်ခရီးစဉ် အပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြင့် တွေ့ဆုံရန် အလားလာရှိနေ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာနန် ဦးဆောင်သည့် အဖွဲ့တို့သည် NRPC၌ စက်တင်ဘာလ ၅ရက်နေ့ နံနက်ပိုင်းတွင် တွေ့ဆုံနေပုံ။ ဓာတ်ပုံ -သူရ/မဇ္ဈိမ

ရန်ကုန်၊ နိုဝင်ဘာ ၂၉ ။              ။ ရခိုင်ပြည်နယ်အကြံပေးဆိုင်ရာကော်မရှင်အဖွဲ့ခေါင်းဆောင် မစ္စတာ ကိုဖီအာနန်အနေဖြင့် သူ့၏ ရခိုင်ပြည်နယ်ခရီးစဉ် အပြီးတွင်   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို  နေပြည်တော်သို့သွားရောက်တွေ့ဆုံရန် အလားအလာရှိကြောင်း ကော်မရှင်အဖွဲ့ဝင် ဟာဂျီဦးအေးလွင်က မဇ္စျိမသို့ ပြောသည်။

" တွေ့ဖြစ်မယ်လို့ ထင်ပါတယ်၊ နေပြည်တော်လည်း သွားမှာပါ၊ အတိုင်ပင်ခံနဲ့ ထပ်တွေ့မယ့် သဘောနဲ့ တူပါတယ်။ ပြီးရင် နောက်တစ်ရက်ကို သတင်းစာရှင်းလင်းပွဲကြတော့ အသေးစိတ် သိရမှာပေ့ါ " ဟု ဦးအေးလွင်က ဆိုသည်။ မစ္စတာကိုဖီအာနန်၏ ရခိုင်ပြည်နယ်ခရီးစဉ်သည် ဒီဇင်ဘာ ၂ ရက် မှ ၄ ရက်နေ့အထိဖြစ်ပြီး ပဋိပက္ခဖြစ်ပွားရာ မောင်တောမြောက်ပိုင်းသို့ သွားရောက်ဖို့ မသေချာသေးကြောင်း ဦးအေးလွင်က ဆိုသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့က ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်သည် သုံးရက်တာခရီးစဉ်အဖြစ် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဒုတိယ အကြိမ်မြောက် သွားရောက်ခဲ့ပြီး စစ်တွေမြို့ရှိ နှစ်ဘက်အသိုင်းအဝိုင်းနှင့် တွေ့ဆုံခဲ့သည်။ သို့သော် ထိုခရီးစဉ်အတွင်း အဖွဲ့ခေါင်းဆောင် မစ္စတာ ကိုဖီအာနန် မပါ၀င်ခဲ့သလို ပဋိပက္ခဖြစ်ပွားရာ   မောင်တောမြောက်ပိုင်းသို့လည်း  သွားရောက်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။ မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ကို   နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနက သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းပေးခဲ့ပြီး ကိုဖီအာနန်ပါ၀င်သည့် ကော်မရှင်အဖွဲ့၏ ပထမဆုံးရခိုင်ပြည်နယ်ခရီးစဉ်ကို ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့က သွားရောက်ခဲ့သည်။

ကိုဖီအာနန်က “ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နဲ့တွေ့ဆုံပြီး ရခိုင်ဒေသမြောက်ပိုင်းနှင့် နယ်စပ်ဒေသရှိ ပဋိပက္ခဖြစ်ပွားရာနေရာဒေသများသို့ သွားရောက်တွေ့ဆုံရန်ရှိကာ ကြံုတွေ့နေတဲ့ရအခက်အခဲစိန်ခေါ်မှုတွေအား ပိုမိုနားလည်နိုင်ရန်ဖြစ်သည် ”ဟု တွစ်တာနှင့် ဖေ့ဘုတ်တွင် ရေးသားထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယခုရက်သတ္တပတ်အတွင်း စင်ကာပူနိုင်ငံသို့ သွားရောက်ရန်ရှိနေပြီး စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်း၏ ဖိတ်ကြားချက်အရ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly