ဖောက်ခွဲရေးအတွက် M 150 အသုံးချမှု ခံနေရတယ်လို့ ကုမ္ပဏီတာဝန်ရှိသူပြော

ဖောက်ခွဲရေးအတွက် M 150 အသုံးချမှု ခံနေရတယ်လို့ ကုမ္ပဏီတာဝန်ရှိသူပြော
နိုဝင်ဘာလ ၂၅ ရက်နေ့ည ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးသို့ ပေါက်ကွဲမှုကို လာရောက် စစ်ဆေးခြင်း။ ဓာတ်ပုံ-သူရ

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ။               ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း လတ်တလော ဖြစ်ပွားနေသည့် ပေါက်ကွဲမှုဖြစ်စဉ်များသည် M 150 အချိုရည်ပုလင်းကို အသုံးချမှုသာဖြစ်ကြောင်း M 150 ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက တုံ့ပြန်ပြောဆိုလိုက်သည်။

"ဒီ M 150 ပုလင်းအတိုင်းကတော့ ဘာမှ ပေါက်ကွဲစရာမရှိဘူး။ ဒီပုလင်းကို အသုံးချသွားတာကတော့ တစ်ကဏ္ဍပါ"ဟု M150 အချိုရည် ကုမ္ပဏီ မန်နေဂျာ ဦးဇော်တင်က မဇ္စျိမသို့ ပြောသည်။

M150 အချိုရည်ပုလင်းများတွင် Gas လုံးဝထည့်သွင်းထားခြင်း မရှိဘဲ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA) အသိအမှတ်ပြုလက်မှတ်ရရှိထားကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

ကိုးရက်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အသေးစားပေါက်ကွဲမှု နေရာလေးကြိမ် ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုများတွင် M150 ပုလင်းထဲသို့ ဓါတုဗေဒဆေးရည် ထည့်သွင်းပြီး ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်အရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့က မရမ်းကုန်းမြို့နယ် ၊ ကိုးမိုင် ပြည်လမ်းပေါ်ရှိ Ocean Super Centre ၊ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဒေါပုံမြို့နယ် Capital Hypermarket ၊ နိုဝင်ဘာ ၂၄ ရက်နေ့တွင် တောင်ဒဂုံမြို့နယ် လဝကရုံး၊ နိုဝင်ဘာ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်း၌ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ၄င်းဖြစ်စဉ်အတွင်း M 150 အချိုရည် ပုလင်းများကို အသုံးချသွားခြင်းဖြစ်သည်။

အဆိုပါ အားဖြည့်အချိုရည်ပုလင်းများအား Loi Hein Co.,Ltd မှ ဖြန် ့ဖြူးရောင်းချခြင်း ဖြစ်ပြီး Osotspa Co.,Ltd မှထုတ်လုပ်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly