နိုဝင်ဘာလကုန်ပိုင်းတွင် ကိုဖီအာနန် မြန်မာနိုင်ငံကို လာရောက်မည်

နိုဝင်ဘာလကုန်ပိုင်းတွင် ကိုဖီအာနန် မြန်မာနိုင်ငံကို လာရောက်မည်

ရန်ကုန် ၊နိုဝင်ဘာ ၂၆ ။              ။ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် အဖွဲ့ခေါင်းဆောင် မစ္စတာ ကိုဖီအာနန်သည် နိုဝင်ဘာ လကုန်ပိုင်းခန့်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း   ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဟာဂျီဦးအေးလွင်က မဇ္စျိမသို့ အတည်ပြုပြောကြားသည်။

"လကုန် လာမယ်ဆိုတာတော့ ကျွန်တော်သိရပါတယ်၊ ရက်တွေဘာတွေတော့ အတိအကျ ကျွန်တော် ပြောခွင့်မရှိပါဘူး" ဟု ဦးအေးလွင်က ဆိုသည်။

ကိုဖီအာနန်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ ကော်မရှင်အဖွဲ့ဝင်များနှင့်အတူ သွားရောက်မှာ ဖြစ်ပေမယ့် ပဋိပက္ခဖြစ်ပွားရာ မောင်တောမြောက်ပိုင်းသို့ သွားရောက်ဖြစ်၊ မဖြစ်ဆိုသည့်မေးခွန်းကို ဟာဂျီဦးအေးလွင်အနေဖြင့် တိကျစွာ ဖြေကြားခဲ့ခြင်း မရှိပေ။

"သွားသင့်သွားထိုက်တဲ့ နေရာတွေအားလုံးကိုတော့ သွားပါလိမ့်မယ်" ဟု ၄င်းက ဆိုခဲ့ပြီး ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ ခရီးစဉ်အဖြစ် ထပ်မံလာရောက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့က ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်သည် သုံးရက်တာခရီးစဉ်အဖြစ် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဒုတိယအကြိမ်မြောက်သွားရောက်ခဲ့ပြီး စစ်တွေမြို့ရှိ နှစ်ဘက်အသိုင်းအဝိုင်းနှင့် တွေ့ဆုံခဲ့သည်။ သို့သော် ထိုခရီးစဉ်အတွင်း အဖွဲ့ခေါင်းဆောင် မစ္စတာ ကိုဖီအာနန် မပါ၀င်ခဲ့သလို ပဋိပက္ခဖြစ်ပွားရာ မောင်တောမြောက်ပိုင်းသို့လည်း သွားရောက်ခဲ့ခြင်းမရှိတာကို တွေ့ရသည်။

မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနက သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းပေးခဲ့ပြီး ကိုဖီအာနန်ပါ၀င်သည့် ကော်မရှင်အဖွဲ့၏ ပထမဆုံးရခိုင်ပြည်နယ်ခရီးစဉ်ကို ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့က သွားရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly