စစ်ကိုင်းတိုင်း ကန့်ဘလူတွင် စံချိန်တင်ရေကြီးရေလျှံ

စစ်ကိုင်းတိုင်း ကန့်ဘလူတွင် စံချိန်တင်ရေကြီးရေလျှံ
ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာကို တွေ့ရစဉ်။ ဓါတ်ပုံ - ကန့်ဘလူ သတင်းစုံ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ ချပ်သင်းဘူတာ အနီးတဝိုက်ရှိကျေးရွာများတွင်   မိုးရေများမှု ကြောင့်  စံချိန်တင်ရေကြီးရေလျှံကာ ကျေးရွာပြည်သူများကို ဘေးလွတ်ရာ သို့ရွှေ့ပြောင်းပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးနေရသည်ဟု ချပ်သင်းစံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးနောင်က ဇူလိုင် ၁၈ ရက်တွင် ပြောသည်။  

ယင်းနေရာသည် နှစ်စဉ် ရေကြီးလေ့ ရှိသော်လည်း ယခုနှစ်တွင် စံချိန်တင် ရေကြီးမှုဖြစ်ပေါ်သည် ဟုလည်း ၎င်းက ဆိုသည်။

ဦးစိုးနောင်က “ အရင်ကဆို ချပ်သင်းဘူတာ ရထားသံလမ်းအထိ ရေရောက်ကို မရောက်ဘူး၊ ဒီနှစ် ကတော့ သံလမ်းရေကျော်ရုံမက သံလမ်းဟိုဘက်ကရွာတွေအထိပါ ရောက်တယ်၊အနိမ့်ပိုင်းဆို ဝါး တစ်ရိုက် ကျော်ရေရောက်တယ်။ ဘူတာမှာလည်း ခရီးသည်တွေပိတ်မိကုန်တယ်။ သူတို့ အတွက်လည်း နေ့ည ထမင်ေးကျွးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုကို ချပ်သင်းမှာ လုပ်ပေး ထားတယ်။ ”ဟု ဆိုသည်။

ဇူလိုင်  ၁၆ ရက်က စတင်ရွာသွန်းခဲ့သော မိုးမှာ  ဇူလိုင် ၁၈ ရက် အထိ မစဲဘဲ  ရွာသွန်းနေ သည့် အတွက် ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်နေရာ ရေကြီးမှုကြောင့် ကန့်ဘလူ မြောက်ဘက် ခြမ်း အနီးတဝိုက်ရှိ ဆားကျေးရွာ၊ နှောကုန်း၊ ကန်တည်၊ ပေါက်ဆည်ကုန်း၊ နတ်သဲကွင်း စသည့် ကျေးရွာ များရှိ ကျေးရွာသားများဘေးလွတ်ရာသို့ပြောင်းရွှေ့နေကြရပြီး  ဇူလိုင်၁၈ရက်ညနေ ၄နာရီ နောက်ပိုင်းတွင် မိုးအရှိန်လျော့သွားကာ နှစ်ပေခန့်ရေကျသွားပြီဖြစ်ကြောင်း  ဦးစိုးနောင်က ဆိုသည်။

ယခုကဲ့သို့ ရေကြီးရေလျှံမှုဖြစ်ရခြင်းကြောင့် ချပ်သင်းရွာ အနီးရှိမင်းမြင်ဆည်မှ ရေလျှံမှုလည်း ဖြစ်ပေါ်နေ သည်ဟုလည်း ဒေသခံများက ဆိုသည်။

ချပ်သင်းရွာသူတစ်ဦးဖြစ်သည့် ဒေါ်သီတာဝင်းက ” ကျွန်မတို့အိမ်က ဘူတာသံလမ်းအရှေ့ ဘက် အနိမ့်ပိုင်း ဆိုတော့ ရေမြုပ်သွားလို့ အခု အမြင့်ပိုင်းဖြစ်တဲ့ဘုန်းကြီးကျောင်းမှာ လာပြီး ခိုနေရတာပါ။ တယ်လီနောတိုင်တွေ အကုန်ပါသွားပြီ ဘယ်မှ ဆက်မရဘူး၊ဒီနေ့အတွက် ထမင်းထုပ်လည်း လာမဝေသေးလို့ အခုထိ ထမင်းမစားရသေးပါဘူး။ ပတ်ပတ်လည်ရွာတွေအကုန် ရေထိတော့ ကူညီဖို့ကလည်းခက်မယ်ထင်တယ်”  ဟုဆိုသည်။

မိုးလယ်ကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့်  စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ် ဒေသများတွင် ရေဖုံးလွှမ်းမှုများ ကြုံတွေ့နေရကာ လက်ကျန် မိုးရာသီကာလဖြစ်သည့် စက်တင်ဘာလ ကုန်အထိလည်း မိုးရွာသွန်းမြဲကို  ကျော်လွန် ကာ ရေဖုံးလွှမ်းမှုကို မြန်မာနိုင်ငံ၏ နေရာကျယ်ကျယ်ပြန့်ပြန့်တွင် အချိန်ကြာကြာ ကြုံတွေ့ရနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ  ကြေညာချက်ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly