မသန်စွမ်းသူများကို မခွဲခြားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မသန်စွမ်းသူများကို မခွဲခြားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၂၃ရက်၊ ၂၀၁၆ခုနှစ်)။ ။ လူသားတိုင်းသည် မွေးရာပါ ဂုဏ်သိက္ခာရှိကြပြီး မသန်စွမ်းသူများကို အခြားသူများနှင့်နည်းတူ တန်းတူအခွင့်အရေးရရှိစေရန် ဝိုင်းဝန်းပံ့ပိုးကူညီကြဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

“ကျွန်မတို့ရဲ့ မသန်စွမ်းတဲ့ ပုဂ္ဂိုလ်များ၊ မသန်စွမ်းတဲ့ကလေးများ နာကျည်းစိတ်မရှိအောင် ဝိုင်းပြီးတော့ လုပ်ပေးဖို့က ကျွန်မတို့အားလုံးရဲ့ တာဝန်ပဲ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နေပြည်တော်ရှိ MICC-2 တွင် ၂၀၁၆ခုနှစ်၊ နိုဝင်ဘာ ၂၃ရက်၊ နံနက်ပိုင်းက  ကျင်းပပြုလုပ်သည့် ဉာဏ်ရည်မသန်စွမ်းကလေးများအတွက် ပထမအကြိမ် ပညာရေးညီလာခံဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပြီးပြည့်စုံတဲ့ဘဝဆိုတာ အားလုံးသန်သန်စွမ်းစွမ်းရှိမှ မဟုတ်ပါဘူး” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

လက်ရှိအချိန်တွင် မသန်စွမ်းသူများကို အထင်သေးပြီး ခွဲခြားဆက်ဆံမှုများ ရှိနေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“အခုခေတ်မှာ နည်းပညာတွေ တိုးတက်လာပါတယ်။ တိုးတက်တဲ့ နည်းပညာကို အခြေခံပြီးတော့ မသန်စွမ်းတဲ့ ကလေးများကို သန်စွမ်းလာအောင်လို့၊ မိမိတို့ဘဝ ပြည်စုံလာအောင် လုပ်ပေးနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ အားလုံးက ဝိုင်းဝန်းကူညီမှလည်း ဒီအခွင့်အလမ်းကို ဖော်ထုတ်နိုင်မှာ” ဟု ညီလာခံဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မြန်မာနိုင်ငံရှိ မသန်စွမ်းကလေးသူငယ်များ အခြေအနေလေ့လာမှု အစီရင်ခံစာ(၂၀၁၆)အရ အသက် ၅နှစ်မှ ၉နှစ်အတွင်းရှိ မသန်စွမ်းကလေးငယ်များ၏ ထက်ဝက်ကျော်သည် ပညာသင်ကြားခွင့် မရရှိကြဘဲ ၃၆ရာခိုင်နှုန်းသော မသန်စွမ်း ကလေးသူငယ်များသာလျှင် စာရေးတတ်၊ ဖတ်တတ်ကြောင်း အစီရင်ခံစာတွင် တွေ့ရှိရသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ညီလာခံတွင် ပြောဆိုသည်။

ညီလာခံတွင် မသန်စွမ်းကလေးငယ်များ ပညာသင်ယူနိုင်မှု တိုးတက်မြင့်မားရေးဆိုင်ရာ ပိုမိုကောင်းမွန်သော မူဝါဒများ ချမှတ်နိုင်ရန်နှင့် ၎င်းတို့၏ ရသင့်ရထိုက်သည့် အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေးအတွက် ထည့်သွင်းဆွေးနွေးကာ အကောင်အထည်သွားမည် ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly