ကမ်းနားလမ်းမှာ စျေးရောင်းချမည့် စျေးသည်များ နေရာအခက်အခဲကြံုတွေ့နေရ

ကမ်းနားလမ်းမှာ စျေးရောင်းချမည့် စျေးသည်များ နေရာအခက်အခဲကြံုတွေ့နေရ
ရန်ကုန်မြို့ ကမ်းနားလမ်းတွင် ဈေးရောင်းချနေသော ဈေးသည်များကို တွေ့ရစဉ်။ ဓာတ်ပုံ-သက်ကို/မဇ္ဈိမ

ရန်ကုန် ၊ နိုဝင်ဘာ ၂၃ ။              ။ ရန်ကုန်မြို့တွင်းက အဓိကလမ်းမကြီးများပေါ်တွင် အစားအသောက်နှင့် သစ်သီးများ ရောင်းချနေသည့် စျေးသည်များကို နိုဝင်ဘာလ ၂၃ ရက်က စတင်ပြီး ကမ်းနားလမ်းမပေါ်သို့ နေရာပြောင်းရွှေ့ စျေးရောင်းချ ခိုင်းရာတွင် စျေးသည်များအနေဖြင့် နေရာအခက်အခဲများ ကြံုတွေ့နေရသည်။

ကျောက်တံတား၊ လသာ၊ ပန်းဘဲတန်း၊ လမ်းမတော် လေးမြို့နယ်က လမ်းဘေးစျေးသည် ၁၆၀၀ ခန့်ကို ယနေ့ ကမ်းနားလမ်းပေါ်သို့ ပြောင်းရွှေ့စျေးရောင်းချရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စီစဉ်ခဲ့ခြင်းဖြစ်သည်။

ဆိုင်ခန်းများကို ၈ ပေ ပတ်လည် ဆိုင်ခန်းနှင့် ၄ ပေ ၈ ပေ ဆိုင်ခန်းဆိုပြီး နှစ်မျိုးသတ်မှတ်၍ အစားအသောက် ရောင်းသည့် ဆိုင်ကြီးများအား ၈ ပေ ပတ်လည်ဆိုင်ခန်း နှင့် ဆိုင်သေးများဖြစ်သော သစ်သီးဆိုင်ခန်းများအား ၄ ပေ ၈ ပေ ဆိုင်ခန်းများ ချထားပေးခဲ့ကြောင်း စျေးသည်များက ပြောသည်။ အဆိုပါ ဆိုင်တန်းမှာ ပန်းဆိုးတန်း၊ ကမ်းနားလမ်းမှ  လမ်းမတော် အောင်ရတနာအထိ ဖွင့်လှစ်ထားတဲ့ စျေးတန်းရှည် ဖြစ်သည်။

" အရင် ၁၇ လမ်းထိပ်မှာ ရောင်းတုန်းက ကျွန်တော်နေရာ ၈ ပေ ရှိတယ်။ အခု ၄ ပေ ပဲ  ရတော့အခါကြတော့ ဆိုင်ခင်းလို့လည်း မရဘူး။ ရောင်းရတာလည်း အဆင်မပြေဘူး" ဟု သင်ပေါင်းပိုး ရောင်းချသူ ဦးဝင်းနိုင်က မဇ္စျိမသို့ ပြောသည်။

မဟာဗန္ဓုလမ်း ၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကမ်းနားလမ်းမများပေါ်တွင် ရောင်းချနေသည့် စျေးသည်များကို ညစျေးအဖြစ် ညနေ သုံးနာရီမှ ည ၁၁ နာရီအထိ ကမ်းနားလမ်းပေါ်တွင် ညစျေး သဘောမျိုးဖြင့် ရောင်းချခွင့် ပေးသွားမည် ဖြစ်ကြောင်း လသာမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဇော်လွင်က ဆိုသည်။

ဆိုင်ခန်း မှတ်ပုံတင်ခ တစ်နှစ်လျှင် ၅၀၀ ကျပ်၊ ရေဖိုးတစ်ရက်လျှင် ကျပ် ၁၅၀ မှ ကျပ် ၃၀၀ ၊ သန့်ရှင်းရေးခ ကျပ် ၁၅၀ မှ ကျပ် ၃၀၀ ၊ မီတာခ တစ်ရက်လျှင် ၃၅၀ ကျပ်မှ ကျပ် ရ၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ဦးဇော်လွင်၏ ပြောဆိုချက်အရ သိရသည်။

"မပြောတတ်သေးဘူး။ ဒီနေ့မှ စခင်းတော့ လာဝယ်မလား မဝယ်ဘူးလား မသိသေးဘူး" ဟု ကွေ့တီယိုပြုတ် ရောင်းသူ ဦးမင်းစန်းဝေ ကလည်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly