လွှတ်တော်မှ အကြံဉာဏ်တောင်းခံလာပါက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ပြင်ဆင်ရန်သင့်မသင့် အကြံပြုသွားမည်

လွှတ်တော်မှ အကြံဉာဏ်တောင်းခံလာပါက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ပြင်ဆင်ရန်သင့်မသင့် အကြံပြုသွားမည်
ဓာတ်ပုံ-ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ။            ။ ဆက်သွယ်ရေး ဥပဒေပုဒ်မ  ၆၆(ဃ) ပြင်သင့်မပြင်သင့် ကိစ္စကို ပြည်သူ့လွှတ်တော်မှ အကြံဉာဏ်တောင်းခံ လာပါက ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာရေး ကော်မရှင်အနေဖြင့် ပြည် သူလူထုသဘောဆန္ဒအရ အကြံပြုသွားမည်ဖြစ်ကြောင်း ကော်မရှင်ဖွဲ့ဝင် ဦးစောလှထွန်းက ပြောသည်။

“ကျွန်တော်တို့ကတော့ တွေ့လာတဲ့ဟာတွေကို တောင်းလာရင် အကြံပြုဖို့ရှိတယ် ဘယ်လိုဖြစ်သင့်တယ်ဆိုတဲ့ဟာတွေကို လေ့လာထားပြီးပြီ။ သဘောထားတောင်းခံတဲ့ နေရာမှာလည်း   ပြင်ဆင်သင့်တယ်ဆိုတာ အများဆုံး ဖြစ်နေတယ် “ ဟု ၄င်းက ပြောသည်။

ကော်မရှင်ဥက္ကဌ ဦးသူရရွှေမန်းက ဆက်သွယ်ရေး ဥပဒေပုဒ်မ  ၆၆(ဃ)နှင့် ပတ်သက်ပြီး ပြည်သူလူထု၏ သ ဘောထားမှတ်ချက်ကို နိုဝင်ဘာလ ၁၅ ရက်မှ စတင်ပြီး  လူမှုကွန်ယက်စာမျက်နှာမှတဆင့်   တောင်းခံခဲ့ပြီး အဆိုပါပုဒ်မကို ပြင်ဆင်သင့်သူဟု သဘောထားပြုသူမှာ အများဆုံးဖြစ်နေကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာရေး ကော်မရှင်မှ သိရသည်။

သူရဦးရွှေမန်း လူမှုကွန်ယက်မှ ၆၆ (ဃ) နှင့်ပတ်သက်ပြီးကောက်ခံရာ အမြင် ၃ မြင်ထွက်လာခဲ့ပြီး ပယ်ဖျက် သင့်သည်ဟုထင်သူများ၊ မပယ်ဖျက်သင့်ဘူးဟု ထင်သူများနှင့် ပြင်ဆင်သင့်သည်ဟု ထင်သူများဖြစ်ကာ ပြင် ဆင်သင့်သည်ဟု ထင်သူအများဆုံးဖြစ်ပြီး မပယ်ဖျက်သင့်ဟုထင်သူများက ဒုတိယအများဆုံးဖြစ်နေကြောင်း သိရသည်။

လူတစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်ဖွဲ့အတွက် မဟုတ်ဘဲ နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားအတွက် ကာ ကွယ်ရန်နှင့် လိုတစ်မျိုး မလိုတစ်မျိုး ဥပဒေတစ်မျိုး မဖြစ်စေရန်အတွက်ဟု ဆိုကာ ပြည်သူလူထု၏ သဘော ထား မှတ်ချက်ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။

 တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က “ အပြီးတိုင်ဖျက်သိမ်းရေးဆိုတာ လတ်တလောမှာတော့ မသင့်လျော်သေးဘူး။ တကယ်တော့ ဒီဥပဒေဟာ ပြင်ဆင်သင့်တယ်။ လွှတ်တော်က ပြင်တာ တော့ပြင်သင့် တယ်” ဟု ပြောသည်။

 

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တွင် ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အသေရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်း ခြောက်ခြင်းများ ပြုလုပ်လျှင် ပြုလုပ်သူအား ထောင်ဒဏ်သုံးနှစ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်းပါရှိသည်။

ထို့အပြင် ပုဒ်မ ၆၆ (ဃ) သည် အာမခံရယူနိုင်ခြင်း မရှိပေ။  ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ နောက်ဆက်တွဲ ဇ ယား (၂) တွင် ပြစ်ဒဏ် သုံးနှစ်ပေးနိုင်သော အမှုများအတွက် အာမခံ ရရှိမည် မဟုတ်ဟု ဖော်ပြထားသည်။

ယခင် အစိုးရလက်ထက်တွင် ၆၆(ဃ) ဖြင့် တရားစွဲခံရသူ(၇)ဦးရှိခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခံရသူ (၅)ဦးရှိခဲ့သည့် အ ပြင်  လက်ရှိအစိုးရလက်ထက်တွင် တရားစွဲဆိုခံရသည့် အမှုပေါင်း(၂၂ )ရှိပြီး ပြစ်ဒဏ်ချမှတ်ခံရသူ (၃)ဦးနှင့် ဖမ်းဆီး ချုပ်နှောင်ခံရသူ(၁၁)ဦးထိရှိနေကြောင်း ယင်းဥပဒေဖြင့် ဖမ်းစီးခြင်းခံခဲ့ရပြီး လက်ရှိတွင် ဆက်သွယ်ရေး ဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုပြုလုပ်နေသည့် ကဗျာဆရာ မောင်ဆောင်းခထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly