ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် ရေချိုငါးဥပဒေ ချိုးဖောက်လုပ်ဆောင်နေမှုအား တိတိကျကျ လိုက်နာဆောင်ရွက်စေရေး တိုင်းဒေသကြီး အစိုးရသို့ တိုက်တွန်း

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် ရေချိုငါးဥပဒေ ချိုးဖောက်လုပ်ဆောင်နေမှုအား တိတိကျကျ လိုက်နာဆောင်ရွက်စေရေး တိုင်းဒေသကြီး အစိုးရသို့ တိုက်တွန်း

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် ရေချိုငါးဥပဒေချိုးဖောက်လုပ်ဆောင်နေမှုအား တိတိကျကျလိုက်နာဆောင်ရွက်စေရေး တိုင်းဒေသကြီးအစိုးရသို့ တိုက်တွန်း အဆိုအား သာပေါင်းမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါ်ခင်မိုးဝါက တတိယပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

"ငါးလုပ်ငန်းလုပ်ကိုင်နေကြသော ရေလုပ်ငန်းရှင်များအပေါ် ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်မှုမရှိတဲ့ အကျိုးဆက်အနေဖြင့် ရေလုပ်ငန်းရှင်ကြီးနှင့်ရေလုပ်သားငယ်များ အချင်းချင်း ခိုက်ရန်ဒေါသဖြစ်ခြင်း ၊ အင်းသားကြီးများနှင့် လယ်သမားများကြား ပြဿနာ ဖြစ်ပွားခြင်း လုပ်ပိုင်ခွင့်အသာစီးရသူမှ လုပ်ပိုင်ခွင့်အားနည်းသူအား နည်းအမျိုးမျိုးဖြင့်ဖိနှိပ်ခြင်း ၊ ရေရှည်ခံစားလာရခြင်းကြောင့် မကျေနပ်မှုများဖြစ်ပေါ်ကာ ဆန္ဒထုတ်ဖော်ပွဲများ၊ စီတန်းလမ်းလျှောက်ပွဲများ ဖြစ်ပေါ်လာရခြင်း ပြဿနာများဟာ ဧရာဝတီတိုင်းအစိုးရပုံရိပ်ကိုထိခိုက်ကျဆင်းစေပါတယ်။

ရေသယံဇာတ၊ ငါးသယံဇာတ စဉ်ဆက်မပြတ်ပြုန်းတီးနေခြင်း၊ ရေစီးရေလာများပျက်စီးခြင်းကြောင့် မြစ်ချောင်းများတိမ်ကောလာခြင်း၊ ငါးဖားပုစွန်ရှာဖွေရခက်ခဲခြင်းတွေဟာ တိုင်းဒေသကြီး ဝင်ငွေကို လျော့နည်းကျဆင်းစေမှာဖြစ်တဲ့အတွက် တည်ဆဲဥပဒေများအား တိတိကျကျလိုက်နာဆောင်ရွက်စေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ထိထိရောက်ရောက်တာဝန်ယူဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်းကြောင်း ” အဆိုရှင် သာပေါင်းမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါ်ခင်မိုးဝါက  ရေလုပ်ငန်းနှင့်ပတ်သက်ပြီး အဆိုတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။

ရေချိုငါးလုပ်ငန်းဥပဒေတွင် ပေါက်ကွဲစေတတ်သည့် ပစ္စည်း၊ အဆိပ်အတောက်ဓာတုပစ္စည်းများနှင့် ယင်းကဲ့သို့ အန္တရာယ်ဖြစ်စေသော ပစ္စည်းများဖြင့် ငါးဖမ်းခြင်း၊အကျိုးပျက်စီးခြင်းများ မပြုလုပ်ရဟု တားမြစ်ထားသော်လည်း ဘတ္ထရီရှော့ခ်ရိုက်ငါးဖမ်းခြင်း၊ အင်းများကို ရေကုန်အောင်ပက်၍ ငါးမျိုးသုန်းဆေးချခြင်းများအား ထိရောက်စွာဆောင်ရွက်မှုမရှိခြင်း၊ ဦးစီးဌာနမှ လုပ်ပိုင်ခွင့်ပြုထားခြင်း မရှိသောနေရာများ၊ ကျားပိုက်ထောင်ခြင်း၊ တရားဝင်ဆည်ချက်မဟုတ်သည့်နေရာများတွင် ဆည်ချခြင်းများ ပြုလုပ်နေခြင်း၊ အင်းလုပ်ကိုင်ခွင့်ရရှိထားသော အင်းသားကြီးများသည် အင်းစည်းကမ်းချက်များတွင် ငါးဖမ်းနည်းများကိုသတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိတိကျကျဖော်ပြထားသော်လည်း ဝင်းကတစ်များဖြင့် ဖမ်းဆီးရမည့် အင်းဂရန့်အား လျော့ချ၍ဖမ်းဆီးခြင်း၊ သဲအိတ်များချခြင်း စသည့် ဥပဒေချိုးဖောက်မှုများနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများမှ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်းမရှိ မျက်ကွယ်ပြုနေသည်များကို တွေ့ရှိနေရကြောင်း အဆိုရှင်က ဆွေးနွေးခဲ့သည်။

အဆိုနှင့်ပတ်သက်"ကျံုပျော်မြို့နယ်မှာ လယ်သမားက သူလယ်ထဲက ငါးကို ဖမ်းဆီးစားသောက်လို့ အင်းသားကြီးနဲ့ငါးလုပ်ငန်းက တရားချက်ချင်းစွဲပါတယ်၊ ကျုံပျော်မှာပဲ အင်းသားကြီးက အဆိပ်ချငါးဖမ်းတော့ လယ်သမားတွေဖမ်းတော့ အဆိပ်အိတ်ကျန်ခဲ့တယ်။  သက်သေအဖြစ်တင်ဖ်ို့ ရဲဌာနယူလာတော့ အဆိပ်ငွေ့ရှုမိပြီး ဆေးရုံတန်းသွားရတယ် ။ ဒီလိုဖြစ်တာတောင် အရေးယူဆောက်ရွက်ဖို့ နှေးကွေးတာ လေ့လာတွေ့ရပါတယ်၊ ဥပဒေအရ တိတိကျကျအရေးယူရမယ့်အချိန်ကို ရောက်နေပါပြီ ” ဟု လယ်ယာစိုက်ပျိုးရေးဆည်မြောင်းဝန်ကြီး ဦးဘဟိန်းက အဆိုထောက်ခံဆွေးနွေးစဉ် ဥပဒေအရ ငါးလုပ်ငန်းလုပ်ဆောင်မှုအား ထောက်ပြပြောသည်။

အဆိုအား ဆက်လက်အကောင်အထည်ဖော်ရင် ဆွေးနွေးသင့်ကြောင့် ဝန်ကြီးက ထောက်ခံသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေသယံဇာတ၊ ငါးသယံဇာတမပြုန်းတီးစေရန်နှင့်ရေချိုးငါးလုပ်ငန်းရေပြင်များ ပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်နိုင်ရေး၊ ဧရာဝတီတိုင်းဒေသကြီးရေချိုငါးလုပ်ငန်းဥပဒေ ၂/၂၀၁၂ကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ ဥပဒေ၊ နည်းဥပဒေများကို ချိုးဖောက်ကာ ငါးလုပ်ငန်း လုပ်ကိုင်နေကြသော ရေလုပ်ငန်းရှင်များနှင့် ဥပဒေချိုးဖောက်ကာလုပ်ကိုင်ဆောင်ရွက်နေမှုများအား အရေးယူဆောက်ရွက်ခြင်းမရှိဘဲ မျက်ကွယ်ပြုနေသည့် တာဝန်ရှိသူများအပေါ် ယခုကဲ့သို့ဆက်လက်ဆောင်ရွက်ခြင်းမပြုစေရန် တည်ဆဲဥပဒေများအား တိတိကျကျလိုက်နာဆောင်ရွက်နိုင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအနေဖြင့် ထိရောက် တာဝန်ယူဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်းအဆိုအား တိုင်းဒေသကြီးလွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly