နာမည်ကျော်ဒီဂျေ Armin van Buuren မြန်မာနိုင်ငံသို့ ပထမဆုံး လာဖျော်ဖြေမည်

နာမည်ကျော်ဒီဂျေ Armin van Buuren မြန်မာနိုင်ငံသို့ ပထမဆုံး လာဖျော်ဖြေမည်
 

အီလက်ထရောနစ်ဂီတ (EDM)တီထွင်သူ နယ်သာလန်နိုင်ငံသား DJ  Armin van Buuren(ဒီဂျေ အာမင်းဗန်ဘရူရမ်)အနေနဲ့ “ We Are Connected “ ဒီဂျေမြူးဇစ်ပွဲတော်ကို မြန်မာနိုင်ငံမှာ ပထမဆုံး ပါ၀င်ဖျော်ဖြေမှာဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒတ်ချ်ဒီဂျေတစ်ဦးဖြစ်သူ Armin က ဂီတယဉ်ကျေးမှုအသစ်တို့ပေါင်းစပ်ထားတဲ့ အီလက်ထရောနစ်ဂီတဖျော်ဖြေပွဲမှာ ထူးခြားတဲ့ တင်ဆက်မှုတွေကို ကြိုးစားဖျော်ဖြေပေးသွားမှာဖြစ်ပြီး ယခုကျင်းပမည့်ပွဲမှာ ၄င်းအနေနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး ဖျော်ဖြေရမယ့် ပွဲတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

 “ကျွန်တော် အရင်က We Are Connected ပွဲတွေ အများကြီး လုပ်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံကိုတော့ ပထမဆုံး လာရောက်ဖျော်ဖြေတာပါ။ အရမ်းလည်း စိတ်လှုပ်ရှားနေပါတယ်။ မနက်ဖြန်ပွဲမှာလည်း အကောင်းဆုံးတွေကို တင်ဆက်နိုင်ဖို့ နောက်ဆုံး နှစ်နာရီမှာလည်း ကျွန်တော့ရဲ့ထူးခြားတဲ့ တင်ဆက်မှုတွေ ရှိပါတယ်။ အစီအစဉ်တိုင်းကို သေချာ စီစဉ်ထားတာမို့ ပရိသတ်က သဘောကျမယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

Armin က EDM (Electronic Dance Music)လောကမှာ ဂရမ်မီဆုလျာထားခြင်းခံထားရပြီး သူတင်ဆက်ခဲ့တဲ့ တေးအယ်လ်ဘမ်ပေါင်းများစွာနဲ့ ပရိသတ်အခိုင်မာ ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

အဆိုပါ ဒီဂျေပွဲတော်ကို သုဝဏ္ဏပန်းခြံဘေး The One Entertainment Park မှာ ညနေ လေးနာရီမှ စတင်ကာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး Armin Only အဖွဲ့သားများရဲ့ ထူးခြားတဲ့ တင်ဆက်မှုတွေနဲ့အတူ မြန်မာနိုင်ငံမှ ဒီဂျေ ကမ်းဒရစ် တို့မှ ပါ၀င်ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

We Are Connected Music Festival ကိုALDA Event မှ ကျင်းပပြုလုပ်တာဖြစ်ပြီး Heineken ရဲ့ ပံ့ပိုးမှုတွေနဲ့အတူ Zeekwat Collective တို့မှ ပူးပေါင်း စီစဉ်တင်ဆက်တာ ဖြစ်ပါတယ်။

ဂီတဖျော်ဖြေပွဲ လက်မှတ်စျေးနှုန်းတွေအနေနဲ့ကတော့ ကျပ် သုံးသောင်းခွဲ နဲ့ ရှစ်သောင်း လို့ ပြီးသတ်မှတ်ထားကြောင်း သိရပါတယ်။

နိုဝင်ဘာလ ၂၆ ရက်မှာတော့ သူက ထိုင်ဝမ်မှာ ဆက်လက်ဖျော်ဖြေသွားဖို့ရှိနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly