မူဆယ်တွင် ပရဟိတအဖွဲ့များအား ပစ်ခတ်ခဲ့မှုအပေါ် ဟင်္သာတခရိုင် နာရေးနှင့် သဘာဝဘေး ကူညီမှု ပရဟိတ အဖွဲ့များကွန်ရက်က ကန့်ကွက်စာထုတ်

မူဆယ်တွင် ပရဟိတအဖွဲ့များအား ပစ်ခတ်ခဲ့မှုအပေါ် ဟင်္သာတခရိုင် နာရေးနှင့် သဘာဝဘေး ကူညီမှု ပရဟိတ အဖွဲ့များကွန်ရက်က ကန့်ကွက်စာထုတ်

ဟင်္သာတ၊ နိုဝင်ဘာ ၂၂ ။               ။ ဟင်္သာတခရိုင် လူနာတင်ယာဉ် နာရေးနှင့် သဘာဝဘေးကူညီမှု ပရဟိတအဖွဲ့များကွန်ရက်က မူဆယ် ၁၀၅ မိုင်တွင် လက်နက်ကိုင်အဖွဲ့မှာ ပရဟိတအဖွဲ့အား ပစ်ခတ်လိုက်မှုနှင့် ပတ်သက်ပြီး အချက် ၆ ချက်ပါ ကြေညာ ချက်အား နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

"စစ်ပွဲများဖြစ်နေသ၍ စစ်ဘေးရှောင်ပြည်သူများလည်း ရှိနေမည်ဖြစ်ရာ ပရဟိတအဖွဲ့များအနေဖြင့်လည်း ကူညီကယ်ဆယ်မှုလုပ်ငန်းများ ဆောင်ရွက်နေကြရမည်သာဖြစ်သည်။ ထို့အတွက်ကြောင့် လက်နက်ကိုင်အဖွဲ့ များအနေဖြင့် နောက်နောင်တွင် ယခုဖြစ်စဉ်ကဲ့သို့ ပြုမူဆောင်ရွက် ခြင်းမျိုး လုံးဝ(လုံးဝ) ထပ်မံမပြုလုပ်ရန် အလေးအနက် တောင်းဆိုသည်” ဟု ကြေငြာချက်တွင်ဖော်ပြထားသည်။

" ပရဟိတသမားဆိုတာ ဘယ်သူဒုက္ခဖြစ်ဖြစ်ကူညီမှာပဲ။ ကျွန်တော်တို့မှာ တံဆိပ်တွေပါတယ်။ သူတို့ ပစ်ခတ်မှုကြောင့် ကူညီကယ်ဆယ်ရေးသမား ထိခိုက်သွားရတာ၊ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ တနိုင်ငံလုံးက ပရဟိတ သမားတွေ သူနည်းသူဟန်နဲ့ ကယ်ဆယ်ရေးလုပ်ကြတာပဲ။ အခုလိုဆို နောက် ဘယ်လိုလုပ်မလည်း၊ နောက်ကို အခုလို ထိခိုက်မှုမျိုးမဖြစ်စေချင်လိ့ု ကျွန်တော်တို့   ကြေငြာချက်ထုတ်ပြန်တာ" ဟု ဟင်္သာတခရိုင် လူနာတင်ယာဉ် နာရေးနှင့် သဘာဝဘေးကူညီမျိုး ပရဟိတအဖွဲ့များ ကွန်ရက်က ဦးအောင်နိုင်ဦးက မဇ္ဈိမသို့ ပြော သည်။

လက်နက်ကိုင် အဖွဲ့များ၏ တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း စစ်ဘေးရှောင်ပြည်သူများ ပိတ်မိ နေသည့်အတွက် ကူညီကယ်ဆယ်ရေးဆောင်ရွက်ရန် မူဆယ်မြို့မှ မေတ္တာမွန်လူမှု ကူညီရေးအသင်းနှင့် ၁၀၅ မိုင် ပါရမီလူမှုကူညီရေးအသင်းတို့ သွားရောက်စဉ် လက်နက်ကိုင်တပ်ဖွဲ့များ၏ ပစ်ခတ်မှုနှင့် ကြံုတွေ့ရင်ဆိုင်ခဲ့ရပြီး မေတ္တာမွန် လူမှုကူညီ ရေးအသင်းယာဉ်ပေါ်တွင် လိုက်ပါလာသည့် ရွှေလီမြို့နေ ကြင်နာနွေးထွေး ပရဟိတလူငယ်အသင်းမှ ကိုရဲမင်းအောင် ၏ ၀ဲဘက်ရင်ဘတ်ဘေး၌ ဖောက်ထွက် ဒဏ် ရာရရှိခဲ့ပြီး မူဆယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

"အပြစ်မဲ့ စစ်ဘေးရှောင် ပြည်သူများကို ကူညီကယ်ဆယ် ရန်သွားရောက်ခဲ့ခြင်းအပေါ် လက်နက်ကိုင်အဖွဲ့၏ မဆင်မခြင်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းအား ပြင်းထန်စွာ (ပြင်းထန်စွာ) ကန့်ကွက်ရူတ်ချသည်” ဟု ဟင်္သာတခရိုင် လူနာတင်ယာဉ် နာရေးနှင့် သဘာဝဘေးကူညီမှု ပရဟိတအဖွဲ့များ ကွန်ရက်က ကြေငြာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ညီနောင်ပရဟိတအဖွဲ့များအနေဖြင့် မိမိတို့၏အသက်ကို ပဓာနမထားဘဲ ကိုယ်ကျိုးစွန့်သွားရောက်ကူညီခဲ့မှု အပေါ် အသိအမှတ်ပြုလေးစားဂုဏ်ယူပါကြောင်းနှင့်  ထိခိုက်ဒဏ်ရာရရှိခဲ့မှုကိုလည်း စိတ်မကောင်းဖြစ်မိပါ ကြောင်းလည်း ရေးသားထားသည်။

စစ်ပွဲများဖြစ်နေသရွေ့ စစ်ဘေးရှောင်ပြည်သူများလည်း ရှိနေမည်ဖြစ်ရာ ပရဟိတအဖွဲ့များအနေဖြင့်လည်း ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြရမည်သာဖြစ်သည့်အတွက် လက်နက်ကိုင်အဖွဲ့များအနေ ဖြင့် နောက်နောင်တွင် ယခုဖြစ်စဉ်ကဲ့သို့ ပြုမူဆောင်ရွက် ခြင်းမျိုး လုံးဝ(လုံးဝ)ထပ်မံမပြုလုပ်ရန် အလေး အ နက် တောင်းဆိုကြောင်း ရေးသား တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly