မြန်မာအမျိုးသမီးများအတွက် ကြိုတင်ကာကွယ်စောင့်ရှောက််ခြင်းများကို ရာနှုန်းပြည့်အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ရန်ကုန်တိုင်းအစိုးရ ၀န်ခံ

မြန်မာအမျိုးသမီးများအတွက် ကြိုတင်ကာကွယ်စောင့်ရှောက််ခြင်းများကို ရာနှုန်းပြည့်အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ရန်ကုန်တိုင်းအစိုးရ ၀န်ခံ

ရန်ကုန် ၊ နိုဝင်ဘာ ၂၂ ။             ။ မြန်မာအမျိုးသမီးများအတွက် ကြိုတင်ကာကွယ်စောင့်ရှောက်ရန် ဆောင်ရွက်ချက်များကို အစိုးရမှ လုပ်ဆောင်နေခြင်းများသည် ရာနှုန်းပြည့်အောင်မြင်ခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြံုရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက လွှတ်တော်တွင် ၀န်ခံပြောဆိုခဲ့သည်။

"ပညာပေးဟောပြောတာလည်းရှိတယ်၊ လက်ကမ်းစာစောင်တွေ ပေးတာလည်း ရှိပါတယ်။ သို့သော်လည်း ရာနှုန်းပြည့် ထိရောက်ပြီလားဆိုတော့ မထိရောက်ပါဘူး။ ဒီထက်ထိရောက်မှု ရှိအောင် သက်ဆိုင်ရာဌာနများနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်နေပါတယ်"ဟုဗိုလ်မှူးကြီးတင်အောင်ထွန်း က ပြောဆိုခဲ့သည်။

ယနေ့(နိုဝင်ဘာ ၂၂)၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး တတိယပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ၊ မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၏ မေးမြန်းမှုကို ၄င်းကအထက်ပါအတိုင်း ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

နယ်လုံဝန်ကြီးအနေဖြင့် တရားမဝင် KTV၊ မာဆတ်၊ နိုက်ကလပ်များကို လက်ရှိအချိန်တွင် အရေးယူဖို့ အစီအစဉ် ရှိမရှိ မေးမြန်းမှုကို ထည့်သွင်းဖြေကြားသွားခြင်း မရှိခဲ့ပေ။
"အတိအကျပြောမသွားတာတော့ သူ့အပိုင်းပေ့ါနော်။ ဥပဒေစိုးမိုးဖို့အတွက် ဆောင်ရွက်ရမယ့် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံးမှာ တာဝန်အရှိဆုံးလို့ ပြောချင်ပါတယ်" ဟု ဦးညီညီက လွှတ်တော်အပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

ရန်ကုန်တိုင်းအတွင်း တရားဝင်လိုင်စင်ဖြင့် ဖွင့်လှစ်ထားသည့် ကပွဲ (နိုက်ကလပ်) ခုနှစ် နေရာရှိပြီး ၊ အင်တာတိန်းမန့် ခေါင်းစဉ်ဖြင့် KTV ၁၁ ခု၊ အကြောပြင်ခန်းခေါင်းစဉ်ဖြင့် ၂၄ ခု ရှိနေပြီး လျှောက်ထားဆဲက ၁၇ ခု ရှိကြောင်း နယ်လုံဝန်ကြီး၏ ဖြေကြားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly