ထီးလိုမင်းလိုဂေါပကအဖွဲ့အနေဖြင့် ဘုရားပြင်ဆင်ခြင်းအား သက်ဆိုင်ရာဌာနများကို သတင်းပို့ဆောင်ရွက်မှု ပျက်ကွက်ကြောင်း စစ်ဆေးတွေ့ရှိ

ထီးလိုမင်းလိုဂေါပကအဖွဲ့အနေဖြင့် ဘုရားပြင်ဆင်ခြင်းအား သက်ဆိုင်ရာဌာနများကို သတင်းပို့ဆောင်ရွက်မှု ပျက်ကွက်ကြောင်း စစ်ဆေးတွေ့ရှိ
ဓါတ်ပုံ- ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်း FB

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ။          ။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ထီးလိုမင်းလိုဘုရား ဂေါပကအဖွဲ့အနေဖြင့် ဘုရားပြင်ဆင်ခြင်းလုပ်ငန်းအား သက်ဆိုင်ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနကို သတင်းပို့ ဆောင်ရွက်ရန် ပျက်ကွက်မှုရှိကြောင်း စစ်ဆေးတွေ့ရှိရသည် ဟု ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက မဇ္စျိမသို့ပြောသည်။

"ဘုရားမှာ ဗီနိုင်းကို ချိတ်ပြီး လုပ်ဆောင်နေသည့်အထိ သက်ဆိုင်ရာဌာနတွေကို လှမ်းပြီးတော့ တင်ပြဖို့လိုပါတယ်။ အချိန်မှီ တင်ပြနိုင်ခဲ့မယ်ဆိုရင်တော့ ဒီပြဿနာ မဖြစ်ပွားနိုင်ဘူးလို့ သုံးသပ်တယ်" ဟု စစ်ဆေးရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဦးမြင့်သန်းက ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် ထီးလိုမင်းလိုဘုရားကိုပြုပြင်ရန် ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းက ငြမ်းဆင်ဆောင်ရွက်နေခြင်းကြောင့် ဘုရားပြုပြင်ရန် ခွင့်ပြုပိုင်ခွင့်မရှိသည်များကို ခွင့်ပြုခဲ့သည့် ဂေါပကအဖွဲ့ကို စစ်ဆေးအရေးယူဖို့ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန က နိုဝင်ဘာလ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သုံးသပ်ချက်အစီရင်ခံစာအပြီးသတ်ကို ၀န်ကြီးဌာနကို တစ်ပတ်အတွင်း တင်ပြသွားမှာဖြစ်ပေမယ့် အရေးယူဖို့ ဆုံးဖြတ်ချက်ကိုတော့ ချမှတ်နိုင်သည့် အခွင့်အာဏာ စီစစ်ရေးအဖွဲ့တွင် မရှိကြောင်း ဦးမြင့်သန်းက ဆိုသည်။

ထီးလိုမင်းလိုဘုရားပြုပြင်ရာတွင် "အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် နှင့် ဇနီး ဒေါ်ခင် ခင်ဝင်းတို့အား အမှူးထားပြီး ရ ရက်သားသမီး စုပေါင်းအလှူဖြင့် ဘက်စုံပြန်လည်ပြုပြင်ခြင်း လုပ်ငန်းခွင်" ဆိုသည့် စာသားပါ ဗီနိုင်းကို ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတ အသင်းက ချိတ်ဆွဲထားခြင်းဖြစ်သည်။

ငလျင်ဒဏ်ကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ပြန်လည်ပြင်ဆင်ရန် ဘုရားစေတီပေါင်း ၃၈၉ ဆူရှိပြီး ပထမဦးစားပေး ၃၆ ဆူ နှင့် ဒုတိယဦးစားပေး ၅၃ဆူ ရှိကာ တတိယဦးစားပေးအနေဖြင့် အဆူ ၃၀၀ ရှိကြောင်း ရှေး ဟောင်း သုတေသနဌာနက စစ်တမ်းများအရ သိရပြီး ပထမဦးစားပေး ၃၆ ဆူ နှင့် ဒုတိယဦးစားပေး ၅၃ ဆူကို နိုင်ငံတော်က ပြင်ဆင်မည်ဖြစ်ကာ ထီးလိုမင်းလိုဘုရားသည် ပထမဦးစားပေး ၃၆ ဆူတွင် ပါ၀င်ကြောင်း ပုဂံရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ဒုတိယ ညွှန် ကြားရေးမှူးချုပ်ဦးသိန်းလွင်က ပြောဆိုသည်။

ရှေးဟောင်း အဆောက်အအုံကို ဖျက်ဆီးခြင်း၊ ပျက်စီးစေရန် ဆောင်ရွက်ခြင်း၊ ရှေးဟောင်း အဆောက်အအုံ၏ မူလပုံသဏ္ဌာန်ကိုဖြစ်စေ၊ မူလလက်ရာကိုဖြစ်စေ ပြောင်းလဲစေရန်ပြုလုပ်ခြင်း ၊ ရှေးဟောင်းအဆောက်အအုံ၏ မူလအစိတ်အပိုင်းများ၊ အနုပညာ လက်ရာပစ္စည်းများကို ဖြုတ်ခွာခြင်း၊ ဖယ်ရှားခြင်းပြုလုပ်လျှင် ရှေးဟောင်း အ ဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၉ ကို ကျူးလွန်ခြင်းဖြစ်သဖြင့် ပုဒ်မ ၂၄ အရ အရေးယူအပြစ်ပေးခြင်း ခံရမည်ဖြစ်ကြောင်း သာသနာရေးရာဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly