ဒုဝန်ကြီးရာထူးကနေ ဒေါက်တာထွန်းဝင်း ရပ်စဲခံရတာ ဘာ့ကြောင့်လဲ အပိုင်း(၃)

ဒုဝန်ကြီးရာထူးကနေ ဒေါက်တာထွန်းဝင်း ရပ်စဲခံရတာ ဘာ့ကြောင့်လဲ အပိုင်း(၃)
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဖြစ်သူ ဒေါက်တာထွန်းဝင်းအား နိုဝင်ဘာ ၁၈ရက်စွဲဖြင့် နိုင်ငံတော်သမ္မတဦးထင်ကျော်က တာဝန်မှ ရပ်စဲလိုက်သည်။

တာဝန်မှ ရပ်စဲခံရသည့် အကြောင်းအရင်းများနှင့်ပတ်သက်ပြီး ဒေါက်တာထွန်းဝင်းက နိုဝင်ဘာ ၁၉ရက်၊ နံနက်ပိုင်းက မဇ္ဈိမအပါအဝင် မီဒီယာတချို့နှင့် တွေ့ဆုံစဉ် ပြောကြားချက်များအား နောက်ဆုံးပိုင်း အပိုင်း(၃)အဖြစ် မဇ္ဈိမက ဖော်ပြလိုက်ပါသည်။

ဒေါက်တာထွန်းဝင်း

ဒါနဲ့ ကျွန်တော် တစ်ပတ်ဆက်လုပ်တယ်။ ဆက်လုပ်တော့ ကျွန်တော်က စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမှာ သမဝါယမအဖွဲ့အစည်းတွေ ကျေးရွာတိုင်းမှာ လယ်သမားတွေ လိုက်ဖွဲ့စည်းတာပေါ့ဗျာ။ အဲ့ဒီအခါမှာ နောက်တပတ်ကျတော့ ကျွန်တော့ကို ဒေါက်တာမျိုးအောင်က လှမ်းခေါ်တယ်။ ဦးဝင်းထိန်က တွေ့ချင်လို့တဲ့။

သွားတွေ့တဲ့အခါကျတော့ ‘ခင်ဗျား…ကျွန်တော်ထွက်ပါလို့ ပြောနေတာ။ ခင်ဗျား အာရုံနောက်တယ်။ ခင်ဗျား ကွင်းထဲမှာ ရုတ်ရုတ်ရုတ်ရုတ်နဲ့ ဘာတွေ လျှောက်လုပ်နေတာလဲ။ ထွက်ပါဆိုရင် ထွက်ပေါ့ဗျာ’ တဲ့။ ‘အာ ကျွန်တော် ဝန်ကြီးနဲ့အဆင်ပြေပြီ၊ ညှိနှိုင်းလို့ရတယ်။ ဆရာဆီတောင် ဖုန်းဆက်သေးတယ်လေ’ ဆိုတော့ ‘ဟား ကျွန်တော် နားကြားမှားတာ၊ ဒီတော့ ခင်ဗျား ထွက်ဖို့ပြင်။ မထွက်ရင် ကျွန်တော်တို့ ထုတ်ရလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ပါတီသည် ဝန်ကြီး၊ ဒုဝန်ကြီးတွေကို လိုသလို ဆွဲခန့်နိုင်တယ်။ ဖြုတ်နိုင်တယ်။ ကျွန်တော်တို့သည် ခင်ဗျား အရင်ပြောနေတဲ့ လူ့အခွင့်အရေးတွေ၊ စဉ်းစားဖို့အချိန်တွေ၊ သတိပေးတဲ့အချိန်တွေ ကျွန်တော်တို့မှာ မရှိဘူး။ လူ့အခွင့်အရေးတွေဘာတွေ မစဉ်းစားဘူးဗျာ။ လာမပြောနဲ့။ အဲ့တော့ ပါတီအမိန့်ပဲ၊ အပေါ်က အမိန့်ပဲ။ ခင်ဗျား ထွက်စာတင်ဖို့သာပြင်’ ဆိုပြီးတော့ သူက ဒီလိုမျိုး အမိန့်ပေးတယ်။

အမိန့်ပေးတဲ့အခါကျတော့ ကျွန်တော်က ပိုပြီးတော့ နေရထိုင်ရ ခက်သွားပါတယ်ဗျ။ ဘာလို့လည်းဆိုတော့ ကျွန်တော်က အခုန ပြောသလို ဒီဟာသည် လေးနက်သွားပြီဆိုပြီးတော့ ကျွန်တော် သမ္မတကို လိပ်မူတပ်ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံနှင့်တကွ စီအီးစီ အားလုံးကို ဖြစ်ခဲ့သမျှ ကျွန်တော့မှာ အပြစ်မရှိပါဘူး။ အဲ့တော့ ကျွန်တော့ကို စဉ်းစားပေးဖို့ဆိုတဲ့ စာလေးတစ်စောင်ကို ကျွန်တော်ရေးပါတယ်ဗျ။

ကျွန်တော့စာလေးက ရိုးရိုးရှင်းရှင်းလေးပါ။ ကျွန်တော်အပြစ်မရှိဘူး။ အတင်းထွက်ခိုင်းနေတယ်။ ကျွန်တော်လည်း မထွက်ချင်ဘူး။ တကယ်လို့ အပြစ်မရှိတာကို နားလည်မပေးနိုင်ရင်တောင်မှ ထုတ်စာ၊ တာဝန်ကရပ်စဲစာ ပေးမယ်ဆိုရင်တော့ ကျွန်တော် ဝမ်းသာအားရ ထွက်သွားမယ်။

ကျွန်တော့မှာ အပြစ်မရှိတာကို အပြစ်ရှိသလို ခံဝန်ထိုးရတာသည် ကျွန်တော့ရဲ့ လိပ်ပြာမသန့်ဘူး။ ကျွန်တော့ရဲ့ အမှန်တရားက လက်မခံဘူး။ လက်မခံဘဲ ဒီလိုပဲ အမှန်တရားအတွက် ရပ်တည်သွားမယ်ဆိုပြီးတော့ တနေ့က အထိပေါ့ဗျာ။ တောင့်ခံထားတယ်။ တနေ့ကတော့ နိုင်ငံတော်သမ္မတရဲ့အမိန့်နဲ့ စာထွက်ပါတယ်။

ထွက်တဲ့အကြောင်းအရင်းက ကျွန်တော်သည် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ အားနည်းခြင်းတို့ကြောင့် ဒုတိယဝန်ကြီးရာထူးမှ ရုတ်သိမ်းသည်ဆိုတဲ့ဟာက ပထမဦးဆုံး ၂ခု Choice ပေးပါတယ်။

ပထမတစ်ဆင့်က ကျွန်တော်ကိုယ်တိုင် ထွက်စာကို ရေးတင်ပြီးတော့ အေးဆေးနှုတ်ထွက်သွားတယ်ဆိုတဲ့ ကိုယ့်ရဲ့အကြောင်းပြချက်နဲ့ သွားမလား။ သို့မဟုတ် ဒါကိုငြင်းဆန်မယ်ဆိုရင်တော့ ပုဒ်မ ၂ခုအရ အရေးယူမယ်လို့ ပြောပါတယ်။

လာပြောတဲ့ အရာရှိကိုယ်တိုင်ကိုက ပုံစံ(၂)ခုကို ပြပါတယ်။ ရပ်စဲခြင်း ပုံစံတစ်ခု၊ အရင်တုန်းကလူတွေရဲ့ ရပ်စဲခြင်းပုံစံတစ်ခုနဲ့ နှုတ်ထွက်စာ တစ်ခု။ ဒီနှစ်ခု ဘာကွာလဲကွာဆိုတော့ ရပ်စဲခြင်းခံရရင် ပင်စင်တွေဘာတွေ မရဘူး။ ကျွန်တော်ပင်စင်အတွက်လာတာ မဟုတ်ဘူး။ ကျွန်တော် အမှန်တရားအတွက် လာတာ။

ဆိုတော့ Never Mind ဒီပင်စင်လည်း ဘယ်လောက်ရတယ် ကျွန်တော် မမေးတော့ဘူး။ ကျွန်တော်ဘယ်တော့ ပေးရမလဲဆိုတော့ မနက်ဖြန်နောက်ဆုံး ဆရာဆိုပြီး ပုံစံတွေ ပေးသွားပါတယ်။

အဲ့ဒါနဲ့ မနေ့က မနက်မှာ ကျွန်တော့ရဲ့ အုပ်ချုပ်မှုအားနည်းခြင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်းဆိုတဲ့အချက်နှစ်ချက်အပေါ်မှာ ကျွန်တော်ပြန်ပြီးတော့ ဒါတွေမှာ အားမနည်းပါဘူးဆိုပြီးတော့ သမ္မတကို ခုနက ပြောတဲ့အချက်တွေပါပဲ။ ဝန်ကြီးနဲ့ အဆင်မပြေတဲ့ အချက်သုံးချက်။ ပြီးတော့ မြန်မာပြည် အစိုးရမြေကို ကာကွယ်တဲ့ဟာ ကာကွယ်ရာမရောက်ဘဲနဲ့ ကျွန်တော့မှာ တရားခံလိုဖြစ်သွားတဲ့အနေအထားတွေ။

ဒါတွေသည် ကျွန်တော် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း မဟုတ်ဘူး။ ကျွန်တော်လုပ်လို့မရတဲ့ အားနည်းခြင်းသာ ဖြစ်တယ်။ လုပ်လို့ မရတဲ့ အားနည်းခြင်းဖြစ်အောင်လည်း ကြားထဲမှာ သပ်ထိုးသွေးလျှိုတဲ့လူတွေလည်း အများကြီး ရှိတယ်။

အားလုံး သိတဲ့အတိုင်းပဲ။ ယနေ့ ဌာနတွေရဲ့ အချို့သော အကြီးအကဲ DG များသည် ကျွန်တော်တို့လို အလုပ်ကိုဆက်ပြီးတော့ လုပ်ငန်းကို တိတိကျကျလုပ်ဖို့။ သူတို့သည် လူကြီးကို ကျေနပ်အောင် ပေါင်းသင်းပြီးတော့ လူကြီးရဲ့ အကြိုက်လိုက်ပြီးတော့ လုပ်မှာဖြစ်တဲ့အတွက် ကျွန်တော်က ဒုဝန်ကြီးသာ ဖြစ်တဲ့အတွက် ကျွန်တော်နဲ့ဝန်ကြီးကြားမှာ သူတို့သည် အကြောင်းအမျိုးမျိုးနဲ့ သွေးခွဲတယ်။ သပ်လျှိုတယ်။

ဒီဟာတွေ ကျွန်တော် မြင်နေရတယ်။ ဒါတွေက လက်တွေ့ကျွန်တော် ခံရတာပေါ့။ ဝန်ကြီးနဲ့ လုပ်ငန်းကိုင်ငန်းကစလို့ ဝေးကွာသထက် ဝေးကွာအောင် ကျွန်တော့ကို ဝိုင်းပယ်တဲ့သဘောမျိုးအထိ။ နေရာကိုကညှပ်တဲ့နေရာဖြစ်တာကိုး။ ကိုယ်ဘယ်လောက် ကြိုးစားလုပ်လုပ်၊ နွားတကောင်နဲ့ သားအဖနှစ်ယောက်လို ဘယ်လိုမှကို အပြစ်မလွတ်နိုင်တဲ့ နေရာ ဖြစ်နေတယ်။ ဘေးကြပ်နံကြပ်နဲ့ တခုမဟုတ် တစ်ခု မလုပ်ပြန်ရင်လည်း မလုပ်လို့၊ လုပ်ပြန်ရင်လည်း အခုလိုမျိုး လုပ်တဲ့အတွက် အကာအကွယ်တွေ၊ အတားအဆီးတွေ၊ အပိတ်အဆို့တွေ။

နောက်ပြီးတော့ ကျွန်တော်ပြောတဲ့ဟာ မှန်သမျှလည်း ကျွန်တော့ရဲ့အောက်က DG တွေသည် လိုက်နာခြင်း မရှိဘူး။ ကျွန်တော်ပြောတဲ့ဟာတွေ သွေးထွက်အောင်မှန်သော်လည်း သူတို့က ကန့်ကွက်တယ်။ သူတို့ကိုယ်တိုင် ကန့်ကွက်တယ်။

အားလုံး ဒီလိုမျိုး ဖြစ်နေတော့ ဘေးကြပ်နံကြပ်မှာ ဒါတွေကို မနေ့က ရှင်းလင်းချက်မှာ ကျွန်တော့ရဲ့ ညံ့ဖျင်းမှုကြောင့် မဟုတ်ဘူး။ အုပ်ချုပ်ရေးစနစ်ရဲ့ အနေအထားကိုက လုပ်လို့မရအောင် အကာအကွယ်၊ အပိတ်အဆို့၊ အတားအဆီးတွေ ရှိနေလို့ဆိုတာကို ရှင်းလင်းတင်ပြပြီးတော့ ဒါတွေသည် ကျွန်တော့ရဲ့ အပြစ်မရှိတာကို အပြစ်ရှိသယောင်နဲ့ နှုတ်ထွက်စာတင်ပြီးတော့ အကြောင်းအမျိုးမျိုးပြြ့ပီးတော့ ကျန်းမာရေးအရသော်လည်းကောင်း၊ သူတို့က အကြောင်းပြခိုင်းတာပေါ့ဗျာ။

မိသားစု၊ ဘာဖြစ်လို့၊ ညာဖြစ်လို့ ဒီလိုပြခိုင်းတော့ ကျွန်တော်က ဘာမှမဖြစ်ဘဲ ဒီလို မဟုတ်က ဟုတ်က Clear Concept ဖြစ်နေတဲ့ ကျွန်တော့ရဲ့စိတ်၊ ကျွန်တော့ရဲ့ အမှန်တရားအပေါ်မှာ ကျွန်တော်ရပ်ပြီးတော့ ဒီလိုတော့ အကြောင်းပြပြီး ကျွန်တော် မထွက်လိုပါဘူး။ နိုင်ငံတော်သမ္မတကြီးရဲ့ ဆုံးဖြတ်ချက်အရသာ အရေးယူပါဆိုပြီး ကျွန်တော် မနေ့က ဆုံးဖြတ်ခဲ့တယ်။

ဒီလိုဆုံးဖြတ်ခဲ့တဲ့အတွက် စာကို ၃နာရီခွဲမှာ ပေးလိုက်ပြီးတော့ အခုမနက်မှာ ဒီအမိန့်က တန်းထွက်လာတဲ့သဘော ဖြစ်ပါတယ်။

………………………………………………

အပိုင်း(၁)ကို >>> http://www.mizzimaburmese.com/article/20420 တွင် ဖတ်ရှုနိုင်ပါသည်)

အပိုင်း(၂) ကို >>> http://www.mizzimaburmese.com/article/20424 တွင် ဖတ်ရှုနိုင်ပါသည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags