ဒုဝန်ကြီးရာထူးကနေ ဒေါက်တာထွန်းဝင်း ရပ်စဲခံရတာ ဘာ့ကြောင့်လဲ အပိုင်း(၁)

ဒုဝန်ကြီးရာထူးကနေ ဒေါက်တာထွန်းဝင်း ရပ်စဲခံရတာ ဘာ့ကြောင့်လဲ အပိုင်း(၁)
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၁၉ရက်)။ ။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဖြစ်သူ ဒေါက်တာထွန်းဝင်းအား နိုဝင်ဘာ ၁၈ရက်စွဲဖြင့် နိုင်ငံတော်သမ္မတဦးထင်ကျော်က တာဝန်မှ ရပ်စဲလိုက်ကြောင်း အမိန့်ုထုတ်ပြန်လိုက်သည်။

ဒေါက်တာထွန်းဝင်းသည် ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်း၊ အုပ်ချုပ်ရေးကိစ္စရပ်များတွင် ချောမွေ့စွာဆောင်ရွက်နိုင်မှု မရှိခြင်းတို့ကြောင့် တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်နိုင်မှုမရှိဟု သုံးသပ်ရပါသည်ဟုဆိုကာ တာဝန်မှ ရပ်စဲလိုက်ခြင်းဖြစ်သည်။ အစိုးရသက်တမ်း(၈)လကျော်ကာလအတွင်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တစ်ဦးအား ပထမဆုံးအကြိမ်အဖြစ် တာဝန်မှ ရပ်စဲလိုက်ခြင်းလည်း ဖြစ်သည်။

သမ္မတရုံး၏ အမိန့်ထုတ်ပြန်ချက်တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၉၊ ပုဒ်မခွဲ(က)တို့ပါ ပြဌာန်းချက်များအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို တာဝန်မှရပ်စဲလိုက်သည်” ဟူ၍ ပါရှိသည်။

အခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)တွင် “ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီး(သို့မဟုတ်) ဒုတိယဝန်ကြီးတစ်ဦးဦးအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှ ရပ်စဲရမည်” ဟူ၍ ပြဌာန်းထားသည်။

တာဝန်မှ ရပ်စဲခံရသည့် အကြောင်းအရင်းများနှင့်ပတ်သက်ပြီး ဒေါက်တာထွန်းဝင်းက နိုဝင်ဘာ ၁၉ရက်၊ နံနက်ပိုင်းက မဇ္ဈိမအပါအဝင် မီဒီယာတချို့နှင့် တွေ့ဆုံစဉ် ပြောကြားချက်များအား မဇ္ဈိမက ဖော်ပြလိုက်ပါသည်။

ဒေါက်တာထွန်းဝင်း

အခြေအနေကတော့ ဒီဌာနမှာ တာဝန်ပေးအပ်ကတည်းက ကျွန်တော့လုပ်သက် နှစ်(၄၀) စိုက်ပျိုးရေးမှာ လုပ်ခဲ့တုန်းက အခွင့်မသာခဲ့တဲ့၊ အဲ့ဒီတုန်းကတော့ Top- Down  များတော့ လုပ်ချင်းတိုင်း၊ စိတ်ထဲပါတိုင်း ကျွန်တော်က တောင်သူလယ်သမား သားသမီးလည်းဆိုတော့ တောင်သူလယ်သမားတွေ ခံစားသင့်၊ ခံစားထိုက်တဲ့ အကျိုးတွေကို နှစ်(၄၀)မှာ ထိန်းသိမ်းထားတာပေါ့။ ဒီဟာတွေက ဘာမှ မဖြစ်လာဘဲနဲ့ အပေါ်ကနေပြီးတော့မှ Top- Down နဲ့ လယ်သမားတွေအပေါ်မှာ ကိုယ်လိုရာကိုပဲ စီမံပြီးတော့ သွားတာဆိုတော့ လယ်သမားတွေကလည်း ဘာမှ အကျိုးစီးပွားမရဘဲ အခုထက်ထိ ဆင်းရဲတုန်းပေါ့။

လယ်သမားတွေက လမ်းလျှောက်ရင်း လမ်းပျောက်ပေါ့။ အားလုံးက ဆင်းရဲတွင်းနက်တာပေါ့နော်။ ထုတ်သမျှ ကုန်ပစ္စည်းကလည်း အရှုံးနဲ့ချည်းပဲ။ အပြည်ပြည်ဆိုင်ရာ ဆန်တင်ပို့တဲ့အခါကျတော့လည်း ကုန်အရည်အသွေးတွေက ညံ့။ မွေးမြူရေးနဲ့ ပတ်သက်လို့လည်း မွေးမြူရေးအလျောက် သား၊ ငါးထုတ်လုပ်တဲ့ နေရာမှာလည်း ကျွန်တော်တို့ မွေးမြူရေး ကမ်းရိုးတန်းကြီးက ကီလို ၃၀၀၀ရှိသော်လည်း အခုထိ ဘာမှ ဒီအထဲက အမြတ်မထွက်၊ ရေချိုငါးတွေနဲ့ ပတ်သက်လို့လည်း အင်းကြီးတွေက ဧရာဝတီတိုင်းမှာရှိသော်လည်း အခုထိ တိုင်းပြည်မှာ ငါးရှားပြီးတော့ ထိုင်းကနေသွင်းတဲ့ငါးတွေတောင် ဝယ်စားနေရတယ်။

ကျွန်တော် ဝါးခယ်မသားပါ။ ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်မှာ ရေချိုငါးအပေါဆုံး၊ အင်းတွေ အပေါဆုံး၊ သို့သော် သင်္ဘောဆိုက်မှ ရန်ကုန်ကပို့တဲ့ငါး စားနေရတယ်။ စသဖြင့်… ကြက်သားဈေး၊ ဆိတ်သားဈေးတွေကလည်း တစ်သောင်းအထက်မှာ။ ဒီလိုတွေက ကျွန်တော်တို့ တိုင်းပြည်မှာ လူတိုင်းပြောနေတဲ့ မွေးမြူရေး၊ စိုက်ပျိုးရေးဟာ သဘာဝသယံဇာတ ပေါကြွယ်ဝပါသော်လည်း ထွက်သမျှ ထွက်ကုန်တွေသည် ယနေ့အထိ ထုတ်လုပ်တဲ့ တောင်သူလယ်သမားကလည်း မခံစားရ။ ဒီလိုဖြစ်နေတဲ့ တိုင်းပြည်စီးပွားရေးအပေါ်မှာ တကယ်တော့ ဒီတိုင်းပြည်ဟာ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံမှသာလျှင် နလန်ထူမှာ။

စိုက်ပျိုးရေး၊ မွေးမြူရေးကို အပေါ်ယံကြောနဲ့ လက်တက်စမ်းပြီးတော့ လုပ်နေသရွေ့ ဒီလိုပဲ လမ်းလျှောက်ရင်း လမ်းပျောက်ရင်းနဲ့ တိုင်းပြည်ဟာ မွဲသထက်မွဲ၊ ဒါတွေက ကျွန်တာ်က အရင်ကတည်းက နှစ်(၃၀)လောက် စိုက်ပျိုးရေးဌာနမှာ ဒီအကြောင်းအရာတွေကို ခါးစည်းပြီးတော့ ခံစားပြီးတော့ ဒီဟာတွေကနေ လွတ်ထွက်အောင် ဘယ်လို လယ်သမားတွေ အကျိုးအမြတ်ရှိအောင်၊ ဘယ်လို တိုင်းပြည်အကျိုးရှိအောင် စိုက်ပျိုးရေး၊ မွေးမြူရေးကို လုပ်မယ်ဆိုတဲ့ စိတ်ကူး၊ စိတ်သန်းနဲ့ ဒီအိပ်မက်တွေက ကျွန်တာ့စိတ်ထဲမှာ ပြင်းထန်တယ်ဗျ။

ပြင်းထန်တဲ့ ကျွန်တော့ရဲ့ Emotion ပေါ့ဗျာ။ ဒီ Emotion နဲ့ ကျွန်တော်လုပ်မယ်ဆိုပြီးတော့ အားတင်းပြီး ကျွန်တော့ကို တာဝန်ပေးကတည်းက ကျွန်တော်လုပ်မယ်ဆိုပြီးတော့ ဒါကိုပဲ ကျွန်တော်က ဘယ်လိုလက်တွေ့ လယ်သမားကို အကျိုးရှိအောင်၊ ကုန်သည်တွေ အကျိုးရှိအောင်ဆိုတဲ့ အခုခေတ်ပြောနေတဲ့ Publuic Private Partnership ပေါ့ဗျာ။ ဈေးကွက်ပေါ့ဗျာ။ ဒီလို အကျံုးဝင်တဲ့ဟာကို လုပ်နိုင်စွမ်း ကျွန်တော့မှာ အပြည့်အဝ ယုံကြည်တာပေါ့ဗျာ။

ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်က စိုက်ပျိုးရေးမှာ နှစ်(၃၀)လောက် အမေရိကန်စိုက်ပျိုးရေးဌာန USDA ရဲ့ ဝန်ထမ်းအနေနဲ့ ကျွန်တော် အမေရိကန်သံရုံးမှာ ၂၀၁၀ကနေ ၂၀၁၃အထိ သုံးနှစ်လုပ်တယ်။ စိုက်ပျိုး၊ မွေးမြူ၊ သစ်တောဌာန(၃)ခုနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ကုမ္ပဏီတွေ၊ ကုန်သည်တွေ၊ လယ်သမားတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ အကျိုးအမြတ်ကို ဘယ်လိုရအောင်ထုတ်မလဲဆိုတဲ့ လက်တွေ့လုပ်ငန်းတစ်ခုကို ကျွန်တော်လေ့လာခွင့် ရခဲ့တယ်။

ကျွန်တော့ကို တာဝန်ပေးတဲ့အခါကျတော့ ကျွန်တော် လုံးဝကို ယုံကြည်မှု ရှိတယ်။ အပြည့်အဝ ရှိတယ်။ ဒီတိုင်းပြည်ကို စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်ပြီးတော့ ပုဂ္ဂလိက၊ လယ်သမား၊ ကုန်သည်ပွဲစား ဈေးကွက်နဲ့ ချိတ်မလဲဆိုတဲ့ အစီအမံနဲ့ ကျွန်တော် အင်တိုက်အားတိုက် လုပ်ဖို့ အစီအမံတွေနဲ့ ဝင်လာခြင်း ဖြစ်တယ်။

ဒီအစီအမံတွေကိုလည်း ဒီဌာနကို မဝင်ခင် ကျွန်တော့ရဲ့ အထူးအခွင့်အရေးအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၁၃မှာ စပြီးဖွဲ့စည်းတဲ့ လယ်သမားရေးရာကော်မတီမှာ ကျွန်တော့ကို အကြံပေးအနေနဲ့ ကော်မတီဥက္ကဌ ဦးညီပုကနေ ခန့်ထားပါတယ်။

ဆိုတော့ ကျွန်တော်ရယ် ဦးညီပုရယ်၊ ယနေ့ ဧရာဝတီတိုင်းဝန်ကြီး ဦးဗဟိန်းရယ် ပေါင်းစပ်ပြီးတော့ ကျွန်တော်တို့ လယ်သမားတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်ရဲ့ စိုက်ပျိုးရေးမူဝါဒနဲ့ လုပ်ငန်းစဉ်များကို ရေးဆွဲပါတယ်။ အဲ့ဒီကတည်းက ကျွန်တော် ရေးဆွဲတယ်။

ရေးဆွဲတော့ တစ်နိုင်ငံလုံးကို ခြံုငုံတဲ့ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းကြီးကို မူဝါဒတွေရေးဆွဲပြီးတော့ အသေးစိတ်ကို ကျွန်တော်တို့ပါတီကို ပါဝင်ပူးပေါင်းတဲ့ အမေရိကန် NGO အဖွဲ့အစည်းကြီးကနေ ကျွန်တော်တို့ကို ဒီမူဝါဒတွေကို တည်းဖြတ်ပေးတယ်။ ဒီမူဝါဒတွေမှာလည်း ကျွန်တော်တို့ လုပ်ချင်တဲ့ ကိုင်ချင်တဲ့ အချက်အလက်တွေကို ထည့်သွင်းထားတယ်။ ဒါတွေနဲ့ ကျွန်တော်က အတော်ပဲ ဖြစ်သွားတယ်။

ဒီမူဝါဒတွေ ရေးဆွဲပြီးတော့ ဘယ်သူမှ အသုံးမချနိုင်ဘူး။ ဘာကြောင့်လည်းဆိုတော့ အားလုံးသည် လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်သွားကြတယ်။ ဦးဘမျိုးသိန်းတို့၊ ဦးလှမြင့်သန်းတို့၊ ကိုချိုလေးတို့၊ ဦးညီပုတို့ အားလုံးသည် ကိုယ်စားလှယ်တွေ ဖြစ်သွားကြပြီးတော့ ဒီမူဝါဒကို အသုံးမချနိုင်ဘူး။ ကျွန်တော်က ဒီမူဝါဒကြီးကိုင်ပြီးတော့ ဘာမှ အသုံးမချနိုင်တော့ အပြင်မှာ စာတွေပဲ ရေးစားတာပေါ့ဗျာ။

အဲ့တော့ ဒုဝန်ကြီးအနေနဲ့ မေလက စပေးတဲ့အခါကျတော့ ကျွန်တော်က ဝမ်းသာတာပေါ့။ အော်…ငါတော့ အသုံးချခွင့် ရပြီ။ ဒီမူဝါဒတွေကို။ ငါတို့တိုင်းပြည်အတွက် အစီအမံတွေ။ ဒါတွေနဲ့ ကျွန်တော်ဝင်လာပါတယ်။ ဒါတွေနဲ့စပြီး ကျွန်တော် အကောင်အထည်ဖော်တယ်။

အကောင်အထည်ဖော်တဲ့ နေရာမှာ ဒီမူဝါဒတွေကို ရေးဆွဲတဲ့အထဲမှာ မြန်မာပြည်က ဆည်တွေကို မိုးတွင်းမှာ မိုးစပါး (၁၇)သန်းကို ပေးရမယ်။ နွေစပါး(၂)သန်းကိုတော့ နောက်မှ ပေးမယ်။

ဘာ့ကြောင့်လည်းဆိုတော့ အရင်အစိုးရအခေတ်ခေတ် မ.ဆ.လ လက်ထက်ကတည်းက ဆည်ရေတွေသည် နွေစပါးပဲ ပေးရမယ်ဆိုတဲ့ဟာ။ နောက်ပြီးတော့ ဆည်ရေတွေသည် လူကြီးတွေလာရင် ရေလှောင်ထားပြီးတော့ ပြဖို့ဆိုတဲ့ဟာ ဆိုတော့ ဒီဟာတွေက တချိုကတော့ အောင်ရေပေးတဲ့ ဆည်တွေ ရှိပါတယ်။

သို့သော်လည်း ဆည်ရေအများစုသည် မိုးမှာစိုက်တဲ့ လယ်အများစုက လယ်သမားတွေသည် ဒီဆည်က ရေကို ယူရကောင်းမှန်း မသိဘူး။ ဒီတော့ မိုးဆိုတာက အချိန်မမှန်တာရှိတယ်၊ မှန်တာ ရှိတယ်။ စိုက်နေရင်းနဲ့ မိုးခေါင်သွားတဲ့အခါတွေကျရင် လယ်သမားတွေက နီးစပ်ရာ ဆည်ကနေပြီးတော့ ရေယူရမယ်ဆိုတာ မသိတော့ သူတို့နည်း၊ သူတို့ဟန်နဲ့ ရေကို ရနိုင်တဲ့နေရာကနေ သွယ်ယူပြီးတော့ စိုက်ပျိုးရတဲ့အတွက် လူတွေမှာ ဒုက္ခ၊ သုက္ခ ရောက်တယ်။

ကျွန်တော်အနေနဲ့က စဉ်းစားတာကတော့ မိုးစပါး(၁၇)သန်းကို ဦးစားပေးမလား။ နွေစပါး(၂)သန်းလောက်ကို ဦးစားပေးမလား။ ဆိုတော့ ငါးရှဉ့်(၂)ကောင်ဖမ်းတာမှာ (၂)ကောင်စလုံး လွတ်နေတယ်။ ဘယ် ငါးရှဉ့် ဖမ်းမလဲ။ ကြီးတဲ့ငါးရှည့် ဖမ်းမယ်။ မိုးစပါး ၁၇သန်းကို ရအောင် ဖမ်းမယ်။ ဒီမှာ စိုက်သမျှ အောင်ရေတင် မကဘဲ စစိုက်ကတည်းက လိုအပ်တဲ့မိုးဆိုတာ အစိုးမရတဲ့အတွက် ဒေသအလိုက်မှာ မိုးလိုတဲ့အခါမှာ လိုသလို လယ်သမားတွေ အသီးသီး ဆည်ကနေ ရေတွေကို ရနိုင်အောင် ဒီမူပါ ထည့်ပြီး ဆွဲတယ်။

ဆွဲပြီးတော့ အဲ့ဒါကို အပေါ်ကို တင်ပြတာပေါ့ဗျာ။ တင်ပြတဲ့အခါမှာ အဓိကတော့ ကျွန်တော့ရဲ့ဝန်ကြီး(ဒေါက်တာအောင်သူ)ကို တင်ပြတယ်။ တင်ပြတဲ့အခါမှာ သူက ဘယ်လို ပြောပါသလဲဆိုရင် ဒါတွေသည် မိုးစပါးမှာ ဆည်အားလုံးကို ရေပေးဖို့ ဆိုတာသည် မဖြစ်နိုင်ဘူး။ ဘာ့ကြောင့် မဖြစ်နိုင်လဲ။ ခင်ဗျားပြောတဲ့ ဆည်ထဲမှာ ရေဆင်းဆည် မပါဘူး။ ဘာ့ကြောင့်လဲ။ ရေဆင်းဆည်သည် ခင်ဗျား သိသလို ယနေ့ သီးနှံတွေကို မပေးတော့ဘူး။ သောက်သုံးရေသာ ဖြစ်တယ်။

သောက်သုံးရေဖြစ်တဲ့အတွက် ခင်ဗျားဆိုတဲ့ အဆိုသည် ရေဆင်းဆည် မပါတဲ့အတွက် တစ်နိုင်ငံလုံးကို ကိုယ်စားပြုတဲ့ အဆိုမှာ ထည့်လို့ မရဘူး။ ပယ်တယ်။

ဆိုတော့ တစ်နိုင်ငံလုံးက ဆည်(၅၀၀)ကျော် ရှိပါတယ်။ ဆည်(၅၀၀)ကျော်ကို ကြည့်မလား။ ရေဆင်းဆည်ကို ကြည့်မလား။ သာမန်လူ အနေအထားမှာ သုံးသပ်လို့ ရပါတယ်။ ဆည်(၅၀၀)ရဲ့ ပေးနိုင်မယ့် ရေပမာဏကို လျစ်လျူရှုပြီးတော့ ရေဆင်းဆည် တစ်ခု အတွက်ကို ဒီမူကို ပယ်ရတယ်ဆိုတဲ့ ဒီအဖြစ်က ကျွန်တော့အတွက် တော်တော် စိတ်ထဲမှာ မကောင်းဖြစ်ရတယ်။

ဒုတိယကတော့ ဆည်ထဲမှာ ငါးမွေးမြူရေးလုပ်ငန်းကိုလုပ်ဖို့ ကျွန်တော် အဆိုပြုပါတယ်။ ဒီအဆိုပြုတဲ့အခါကျတော့လည်း ကျွန်တော်က ဆည်ကို မထိခိုက်အောင် ပိုက််တွေနဲ့ တားပြီးတော့ ဆည်ထဲမှာ ငါးမွေးလို့ ရတယ်။ ဘာကြောင့် ဒီလိုပြောလဲဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံဟာ လက်ရှိမှာ သဘာဝပတ်ဝန်းကျင်ကြောင့် မိုးတွင်းမှာ ရေကြီးနစ်မြုပ်တာတွေဟာ တစ်တိုင်းပြည်လုံး ခံစားရတယ်။ သာမန် လယ်ထဲမှာမွေးနေတဲ့ ငါးကန်တွေက ရေနဲ့အမြဲတမ်းတိုက်စား ပါသွားတဲ့အတွက် ပျက်စီးဆုံးရှုံးတယ်။

ဒါကို လုပ်နိုင်တဲ့တစ်နည်းက ဆည်(၅၀၀)ကျော်မှာသာ ငါးတွေကိုထည့်ပြီးတော့ မွေးနိုင်မယ်ဆိုလို့ရှိရင် သဘာဝဘေးအန္တရာယ်နဲ့လည်း ကင်းဝေးသွားမယ်။ ဗမာပြည်ကျေးရွာတွေမှာရှိနေတဲ့ လူဦးရေ(၇၀) ရာခိုင်နှုန်းသည် ကျေးရွာမှာနေသော်လည်း အားလုံးသည် လယ်သမား မဟုတ်ပါ။ လယ်သမားသည် ၂၀ရာခိုင်နှုန်းမှ ၃၀ရာခိုင်နှုန်းပဲ ရှိပါတယ်။ ရ၀မှ ၈၀ရာခိုင်နှုန်းသည် လယ်မဲ့များသာ ဖြစ်ပါတယ်။

ဒီလယ်မဲ့များသည် အလုပ်အကိုင်မဲ့တဲ့အတွက် ကြံုရာကျပန်း၊ ကျရာလုပ်ငန်းတွေကို ကြံုသလို ရှာစားနေရတဲ့အတွက် ဒီလိုလူတွေသည် တိုင်းပြည်ရဲ့ အဆင်းရဲဆုံး၊ အမွဲတေဆုံးဖြစ်နေတဲ့ ဒီလိုပြည်သူလူထုက ကိုယ်စားပြုနေတဲ့အတွက် ဒီလူထုကိုသာ ကျွန်တော်တို့က အခုလိုမျိုး ဆည်တွေမှာ ငါးမွေးတဲ့လုပ်ငန်းတွေမှာ အစုအဖွဲ့နဲ့သာ ဒီလူတွေကို စီမံပေးနိုင်မယ်ဆိုရင် ဒီလူအားလုံးရဲ့ အဟာရသည် ငါးအဟာရဆိုတာသည် တိုင်းပြည်မှာ တိုးတက်လာမယ်။

တိုင်းပြည်ရဲ့ စီးပွားရေးဟာလည်း အထောက်အပံ့ပေးမယ်။ တိုင်းပြည်ရဲ့ ကျေးလက်မှာနေတဲ့ ရ၀ရာခိုင်နှုန်းသော အလုပ်လက်မဲ့လူတွေ၊ ရွှေ့ပြောင်းလုပ်သားတွေ အများစုက နယ်ခြားမှာသွားပြီးတော့ စုပြံုပြီးတော့ ကြံုရာကျပမ်း လုပ်နေရတဲ့ တခြားနိုင်ငံရဲ့ အဖိနှိပ်မှုခံပြီးတော့ လုပ်နေရတဲ့ လူ လေးငါးခြောက်သန်းပေါ့ဗျာ။ ဒီလိုလူတွေကိုတောင် ပြန်ပြီးတော့ သူတို့ရဲ့ အာရုံကို ဆွဲဆောင်လို့ ရပါတယ်။ ဒီငါးမွေးမယ့်လုပ်ငန်းကို ကျွန်တော် အဆိုပြု တင်ပြတယ်။

ဒါသည် ကျွန်တော် ဒေသခံလယ်သမားအချို့ရဲ့ တောင်းဆိုမှုလည်း ပါပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အတွေ့အကြံုအရ ထိုင်းတို့၊ ဗီယက်နမ်တို့၊ တရုတ်ပြည်တို့မှာ ဆည်မှာ ငါးမွေးပြီးတော့ နိုင်ငံရဲ့ ထွက်ကုန်တွေနဲ့ ပို့ကုန်လုပ်ပါတယ်။ ဒီအတွေ့အကြံုတွေကို အခြေခံပြီးတော့ တင်ပြခြင်း ဖြစ်တယ်။

ဒါပေမယ့် ဝန်ကြီးသည် ဆည်မှာငါးမွေးတဲ့ အဆိုပြုချက်ကိုလည်း ပယ်ပါတယ်။ ပယ်ရခြင်းအကြောင်းက ဆည်မြောင်းရဲ့ အကြီးဆုံးတာဝန်ရှိသူက ဆည်မှာ ငါးမမွေးရ၊ ရေမကူးရဆိုတဲ့ ဆည်ဥပဒေရှိတဲ့အတွက် ကျွန်တော့ရဲ့တင်ပြချက်၊ နိုင်ငံတနိုင်လုံးအတွက် အကျိုးပြုမယ့်အဆိုသည် ပယ်ချခြင်း ခံရပါတယ်။

နောက် ၃အချက်ကတော့ အခု သဘာဝဘေးဒဏ် ခါးစည်းလို့ခံစားနေရတဲ့ အခုတောင် ရိတ်ပြီးသားစပါးတွေ ကွင်းထဲမှာ ပြိုလဲပျက်စီးတယ်။ ရေထဲမှာ မြုပ် ပျက်စီးတယ်။ လှန်းတဲ့ အခက်အခဲရှိတယ်။ အမျိုးမျိုး ပျက်စီးတယ်။ မိုးတွင်းမှာဆိုလည်း ဧရာဝတီမြစ်ဝကျွန်းတစ်လျှောက်မှာ ၂ခါ၊ ၃ခါ ရေဖုံးတယ်။ စပါးခင်းတွေ ပျက်စီးတယ်။ နိုင်ငံတော်ကနေ လျော်ကြေးတွေ ပေးရတယ်။ သန်းပေါင်း လေးငါးထောင်ပေးရတယ်။

ဆိုတော့ ဒါတွေက ဆုံးရှုံးမှုတွေက ၂၀၀၈ကတည်းက ခါးစည်းလို့ ခံနေရတယ်။ သဘာဝဘေးဒဏ်ကနေ ပျက်စီးသွားတဲ့နေရာတွေကို အစားထိုးပြီးတော့ ရနိုင်ဖို့ဆိုတာ ကျွန်တော် စဉ်းစားတယ်။ ဘယ်နေရာမှာ ရနိုင်မလဲ။ ဒါကို ကျွန်တော်တို့ နိုင်ငံတော်အနေနဲ့လည်း စဉ်းစားဖို့ ကောင်းတယ်။ ဒီအဆိုကို ကျွန်တော် ၂၀၀၄ကတည်းကတင်တယ်။ ဒီကနေ့အထိ မအောင်မြင်ဘူး။ အခုလည်း ကန့်ကွက်ပါတယ်။

ဘာလည်းဆိုရင် ဧရာဝတီတိုင်းသည် ကျွန်တော်တို့ရဲ့ ဆန်အိုးဖြစ်တယ်။ ဧရာဝတီတိုင်းမှာ မိုးစပါးက ရေကြီးနစ်မြှုပ်တာနဲ့ မိုးစပါးသည် နေရောင်ခြည်မရတဲ့အတွက် (တစ်ဧက)၅၀ပဲ သီးပါတယ်။ နေရောင်ခြည်ရတဲ့ နွေကာလမှာစိုက်ရင် ၁၅၀သီးပါတယ်။ သုံးဆ သီးပါတယ်။

ဒါပေမယ့် နွေရာသီမှာစိုက်ဖို့က အဓိကသွင်းရေ လိုပါတယ်။ ရေကတော့ ရှိပါတယ်။ ဧရာဝတီတိုင်းမှာ လေးသန်းရှိပါတယ်။ လေးသန်းမှာ ၂သန်းသောမြေမှာ ရေချို ရှိပါတယ်။ ဒါပေမယ့် လယ်သမားက ပိုက်ဆံမတတ်နိုင်တဲ့အတွက် ရေသွင်းတဲ့စရိတ် မတတ်နိုင်တဲ့အတွက် ဒီဟာတွေက မိုးစပါးပြီးရင် အားလုံးက ရိုးပြတ်တွေနဲ့ပဲ နွေဘက်မှာ ယခုအထိ တိုင်းပြည်ရဲ့ မြေဆီမြေနှစ်ပေါများတဲ့၊ နေရောင်ခြည်ပေါများတဲ့ ဧရာဝတီတိုင်းကြီးကို နိုင်ငံတော်ရဲ့ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် ယနေ့အထိ အသုံးမချနိုင်သေးဘူး။

ဒါကိုသာ ကျွန်တော်တို့ အသုံးချနိုင်မယ်ဆိုရင် ဗီယက်နမ်နဲ့ ထိုင်းလိုသာ လုပ်နိုင်မယ်ဆိုရင် အသုံးချမယ်ဆိုရင်တော့ မိုးတွင်းထက်သုံးဆသီးနိုင်တဲ့ စပါးသီးနှံအထွက်ကို ရမယ်။ ဒါမှမဟုတ် စပါးမစိုက်ဘဲနဲ့ ပဲ၊ ပြောင်း၊ နှမ်း စိုက်နိုင်မယ်။

ဒီလိုဟာတွေ အကျိုးအမြတ်တွေ ကျွန်တော်မျှော်မြင်ပြီးတော့ ဧရာဝတီမှာ မြစ်ရေတင်စီမံကိန်းတွေကို စိုက်ပြီးတော့ ဒီအဆိုကို တတိယအနေနဲ့ ကျွန်တော် တင်ပါတယ်။ ဒီအဆိုကိုလည်း ဆည်မြောင်းအရာရှိကပဲ ဧရာဝတီမှာ ဆည်တွေ၊ မြောင်းတွေမှာ ဒါတွေ လုပ်လို့ရှိရင် မြောင်းတွေ၊ ချောင်းတွေက ကောမြန်တဲ့အတွက် အဆင်မပြေဘူး။ ပယ်ချပါတယ်ဗျ။

ပယ်ချတာက ဘယ်အချိန်မှာသိလည်းဆိုတော့ ဒီအဆိုကို တင်ပြီးတော့ ကျွန်တော့ကို ဂျပန်တစ်ခေါက်လွတ်ပြီးတော့ ပြန်လာတဲ့အခါကျတော့ သူက အစည်းအဝေးလုပ်နှင့်သွားပြီ။ ဒီအဆိုတွေဟာ ပယ်ချသင့်တယ်ဆိုပြီး ပယ်ချထားတယ်။

အဲ့ဒါနဲ့ နောက်တစ်ပတ် လစဉ်အစည်းအဝေးမှာ ကျွန်တော်က ဒီအဆိုနဲ့ပတ်သက်ပြီးတော့ ဘာ့ကြောင့်ပယ်ချပါသလဲဆိုပြီးတော့ ကျွန်တော့ရဲ့ အထက်အရာရှိ ဝန်ကြီးကို မေးပါတယ်။

အပိုင်း- ၂ ကို >>> http://www.mizzimaburmese.com/article/20424

အပိုင်း - ၃ကို >>> http://www.mizzimaburmese.com/article/20425 တွင် ဖတ်ရှုနိုင်ပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags