ပက်ပက်စက်စက် ညှို့တော့မယ့် မိုးစက်ဝိုင်

ပက်ပက်စက်စက် ညှို့တော့မယ့် မိုးစက်ဝိုင်

Miss တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲ ၀င်ရောက်လာတဲ့ မိုးစက်ဝိုင်က ဒါရိုက်တာ သားညီ ရိုက်ကူးမယ့် ပက်ပက်စက်စက် ညှို့လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ ရွှေထူးတို့နဲ့ အတူ သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မိုးစက်ဝိုင်က “မိုးစက် ဒါရိုက်တာ ကိုသားညီနဲ့ “ပက်ပက်စက်စက် ညှို့” ဆိုတဲ့ ဇာတ်ကား ရိုက်ဖို့ ရှိပါတယ်။ မင်းသားတွေကတော့ ကိုနေတိုးနဲ့ မောင်လေး ရွှေထူးတို့နဲ့ပါ” လို့ ပြောပါတယ်။

ရန်ကုန်ပြင်ပကို အခြေတည်ထားတဲ့ အဆိုပါဇာတ်ကားကြီးမှာ ထူးခြားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ အတူ ထူးထူးခြားခြား ဇာတ်ကောင် စရိုက်တွေကိုပါ ပုံဖော်ရိုက်ကူးထားပြီး မိုးစက်ဝိုင် အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့အတွက် စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“မိုးစက် စိုးရိမ်နေတာတော့ အမှန်ပဲ။ ဘာလို့လဲဆိုတော့ မောင်လေး ရွှေထူးကလည်း မင်းသား မဟုတ်ဘူးဆိုပေမယ့် သူက ကြိုးစားတယ်၊ တော်လည်းတော်တယ်လေ။ နောက် ကိုနေတိုးကတော့ ပြောစရာမလိုတဲ့ မင်းသားတစ်ယောက်။ ဒီတော့ မိုးစက်လည်း အကောင်းဆုံး ကြိုးစားရမှာပါ” လို့ မိုးစက်ဝိုင်က ပြောပါတယ်။

မိုးစက်ဝိုင်အနေနဲ့ ယခုကားမှာ ဒုတိယအကြိမ် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပြီး ပထမဆုံးကတော့ လွန်ခဲ့တဲ့ သုံးလက စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ရိုက်ကူးခဲ့တဲ့ သတ္တိရှိရင် လောင်းမလားဆိုတဲ့ ကားကြီးဖြစ်ပါတယ်။

ပက်ပက်စက်စက် ညှို့ ဇာတ်ကားကြီးနှင့် ပတ်သက်ပြီး “ဇာတ်လမ်းကိုတော့ မိုးစက်အနေနဲ့ ကြိုပြောလို့ မရပေမယ့် ထူးခြားတဲ့ ဇာတ်ကောင် စရိုက်တွေ ပါမှာဆိုတာတော့ သေချာပါတယ်။ နောက်ပြီးတော့ ကိုနေတိုးကလည်း ဒီကားမှာ သူ့ကာရိုက်တာက သူ့အတွက် ထူးခြားမှုရှိလို့ ရွေးချယ်ခဲ့တာလို့ မိုးစက်ထင်ပါတယ်” လို့ ထပ်မံပြောပါတယ်။

မိုးစက်ဝိုင်အနေနဲ့ အဆိုပါ ပက်ပက်စက်စက် ညှို့ ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၇ ဇန်နဝါရီလ ပြင်ဦးလွင်မှာ စတင်ရိုက်ကူးမှာ ဖြစ်ပြီး လက်ရှိမှာတော့ TV အစီအစဉ်တွေမှာ ပါ၀င်ရိုက်ကူး နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly