နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးအောင် အစိုးရသစ် မစွမ်းဆောင်နိုင်ဟု ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌပြော

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးအောင် အစိုးရသစ် မစွမ်းဆောင်နိုင်ဟု ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌပြော
အပြောင်းအလဲလိုချင်သည့်အတွက် အပြောင်းအလဲ တစ်ရပ်အဖြစ် ပြည်သူက မဲပေးဆုံးဖြတ်ခဲ့ပြီးနောက်..........................................

အပြောင်းအလဲလိုချင်သည့်အတွက် အပြောင်းအလဲ တစ်ရပ်အဖြစ် ပြည်သူက မဲပေးဆုံးဖြတ်ခဲ့ပြီးနောက် ရှစ်လနီးပါးကြာမြင့်ပြီဖြစ်သော လူထုအစိုးရသစ် လက်ထက်တွင် စီးပွားရေး ဖွံ့ဖြိုးအောင် မလုပ်ဆောင်နိုင်သေးကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးက ဝေဖန်လိုက်ပါတယ်။

“အစိုးရ အပြောင်းအလဲဖြစ်ပြီး ရှစ်လနီးပါး ကြာလာတဲ့အခါမှာတော့ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေ ဘယ်လိုရှိသလဲဆိုတာ လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့၊ ကုန်စျေးနှုန်းများ လက်တွေ့ စားဝတ်နေရေး ပြေလည်ခြင်း မပြေလည်ခြင်း၊ အဆင်ပြေခြင်း မပြေခြင်းတို့က ဖေါ်ပြနေတာ ဖြစ်တဲ့အတွက် နိုင်ငံတော်ကို တာဝန်ယူထားတဲ့ ပါတီနဲ့ အစိုးရအဖွဲ့အတွင်းက တာဝန်ရှိ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က စီးပွားရေးကို တိုးတက်အောင် မစွမ်းဆောင်နိုင်သေးဘူး ဆိုတာလည်း လူသိရှင်ကြား ဖွင့်ဟဝန်ခံထားပြီး ဒီနေရာမှာ စိုးရိမ်စရာ ကောင်းတာက စီးပွားရေး အကျပ်အတည်းကို အကြောင်းပြုပြီး ရုတ်ချည်း တိုးတက်များပြားလာတဲ့ ရာဇဝတ်မှုတွေပဲ ဖြစ်ပါတယ်” လို့ ပြောဆိုလိုက်ပါတယ်။

နိုဝင်လာ ၁၉ ရက်နေ့ နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ် ခန်းမဆောင်တွင် ပြုလုပ်သည့် ပထမဆုံးအကြိမ် မြန်မာနိုင်ငံ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံ့ စီးပွားရေး ကျဆင်းခြင်း၊ ကုန်စျေးနှုန်းကြီးမြင့်ခြင်း စတဲ့ အခြေအနေများကို ထိန်းသိမ်းဖို့ စီးပွားရေး ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးကြဖို့လည်း ဦးသန်းဋ္ဌေးက ဆိုပါတယ်။

“စီးပွားရေးမကောင်းခြင်းရဲ့ အကျိုးဆက်အဖြစ် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးပါ ထိပါးလာတဲ့ အနေအထားဖြစ်ပါတယ် ဒီလိုအနေအထားမှာ အမျိုးသားရေးကို ဦးထိပ်ထားတဲ့ ကျနော်တို့ ပါတီကြီးအနေနဲ့ အမျိုးသားရေး ပါတီကြီးတစ်ရပ်အနေနဲ့ ပြည်သူ့ဘဝ လုံခြံုရေး ပြည်သူတွေရဲ့ စီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှုပြီးတော့ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဆွေးနွေးအဖြေရှာကြဖို့ ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး စီးပွားရေးဆိုင်ရာ ခေါင်းစဉ်များဖြစ်သော “နိုင်ငံတော်ဘဏ္ဍာရေး၊ ငွေရေးကြေးရေးနှင့် စီးပွားရေး အခြေအနေ” ၊"အမျိုးသားစီမံကိန်း အကောင်အထည်ဖော်မှုများ”၊ “ကုန်သွယ်ရေးနှင့် အခြေခံကုန်စျေးနှုန်း" ၊ “နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် ပြည်တွင်း ရင်းနှီးမြုပ်နှံမှုများအား အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လေ့လာခြင်း “ ၊  “စာရင်းအင်း အချက်အလက်နှင့် ဖွံ့ဖြိုးတိုးတက်မှု ” အစရှိသော ခေါင်းစဉ်များကို ဆွေးနွေးကြပါတယ်။

နိုင်ငံအတွင်း ကုန်စျေးနှုန်း ကြီးမြင့်မှုနဲ့ ပတ်သက်လို့ “တရိပ်ရိပ်တက်နေသော ကုန်စျေးနှုန်းတို့ ကျဆင်းရေး ကို စျေးကွက်စီးပွားရေး နည်းလမ်းအရ ဆောင်ရွက်ရမည် ဖြစ်၍ အချိန်ယူရ မည် ဖြစ်ပါသည်။ ဤသို့ဆို၍ လူထုအစိုးရက ကုန်စျေးနှုန်းကျဆင်းရေး ကို ဆောင်ရွက်ပေးရန် မဖြစ်နိုင်ဟု ဆိုလိုခြင်းမရှိပါ” ဟု နိုဝင်ဘာ ၁၈ ရက်ထုတ် အစိုးရရဲ့ မြန်မာ့အလင်း သတင်းစာ အယ်ဒီတာ့အာဘော်မှာ   ရေးသားထားပါတယ်။

အလားတူ နှစ်ပေါင်းများစွာ အမြစ်တွယ်လာပြီးဖြစ်သည့် ငွေကြေးဖေါင်းပွမှု ပြဿနာနှင့် ပတ်သက်၍လည်း “ငွေကြေးဖောင်းပွမှုလျှော့ချရန် ငွေရေးကြေးရေးကဏ္ဍ အပါအဝင် တိုင်းပြည်၏ စီးပွားရေးကဏ္ဍ တို့အကြား ဟန်ချက်ညီအောင် ထိန်းညှိ လျက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း တိုးတက် လာအောင် ဆောင် ရွက် ရမည် ဖြစ်ပါသည်။ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ လိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အား တိုးတက်ရရှိနိုင်ရေးကို နည်းလမ်းပေါင်း စုံဖြင့် ဆောင်ရွက်လျက် ရှိသော်လည်း လူထု အစိုးရသစ်၏ လက်ရှိ ခုနှစ်လ ကာလ အတွင်း ပြီးမြောက်အောင်   ဆောင်ရွက်နိုင်သော ကိစ္စရပ် မဟုတ်ပါ။” ဟုလည်း ရေးသားထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly