စစ်ကိုင်းတိုင်း ကနီ-မင်းကင်းလမ်းအတွက် တောင်သူများကို မြေယာလျော်ကြေးပေးမည်

စစ်ကိုင်းတိုင်း ကနီ-မင်းကင်းလမ်းအတွက် တောင်သူများကို မြေယာလျော်ကြေးပေးမည်

ရန်ကုန် ၊ နို၀င်ဘာ ၁၉ ။          ။ စစ်ကိုင်းတိုင်းဒေသကြီး ကနီ-မင်းကင်းလမ်းပိုင်း ဖောက်လုပ်ရာတွင် ပါ၀င်ခဲ့သည့် တောင်သူများရဲ့ မြေယာများ အတွက် လျော်ကြေးငွေ ပေးအပ်သွားဖို့   ပြည်ထောင်စုအစိုးရက စာရင်းကောက်ခံခိုင်းထားကြောင်း ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက မဇ္စျိမသို့ပြောသည်။

"ပြည်ထောင်စုကနေ စာရင်းကောက် ခိုင်းတာပေါ့နော်။ ပြန်ပြီးတော့ မြေယာလျော်ကြေးပေးဖို့လေ၊ ကနီကနေ မင်းကင်းကို ဆက်သွယ်တဲ့ လမ်းပိုင်းပေါ့" ဟု ဦးထွန်းထွန်းဝင်းက ဆိုသည်။

 ကနီမြို့နယ်အတွင်း လျော်ကြေးငွေးပေးအပ်ဖို့ ကျန်ရှိနေသည့် လယ်ယာမြေဧက ၁၂၀ ကျော်အထိ ရှိနေပြီး ပေးအပ်ရန် တောင်သူ တစ်ရာကျော်ရှိနေကာ လယ်မြေ တစဧကလျှင် ၁၂ သိန်း ၊ ယာမြေတစ်ဧကလျှင် ၆ သိန်းနှုန်းဖြင့် လျော်ကြေး ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လယ်ယာမြေ လျော်ကြေးငွေများကို ၂၀၁၇ ခုနှစ်အတွင်း ပေးအပ်သွားဖို့ ရှိနေပြီး လျော်ကြေးငွေ ပေးအပ်ဖို့ ကျန်ရှိနေသည့် တောင်သူများ စာရင်း ကောက်ယူရာတွင် စနစ်တကျဖြစ်စေရန်   မြေစာရင်းဦးစီးဌာန ၊ ရဲတပ်ဖွဲ့၊ တိုင်းဒေသကြီးကိုယ်စားလှယ်များဖြင့် နိုဝင်ဘာ ၁၇ ရက်နေ့က စတင်ကောက်ယူခဲ့ခြင်းဖြစ်သည်။

၆၃ မိုင်ကျော် ရှည်သည့် ကနီ- မင်းကင်းလမ်းပိုင်းကို မူလကနဦးအနေဖြင့် ပေ ၁၀၀ ဖောက်လုပ်ခဲ့ပြီးနောက် ပေ ၅၀ ထပ်တိုးကာ စုစုပေါင်း အကျယ် ပေ ၁၅၀ ကျယ်ဝန်းပြီး ပြည်ထောင်စုအစိုးရ၏ ဘတ်ဂျက်ငွေဖြင့် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ဖောက်လုပ်ခဲ့ကြောင်း ဦးထွန်းထွန်းဝင်း၏ ပြောဆိုချက်အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly