ရန်ကုန်တိုင်းအစိုးရ အမျိုးသားနေ့အတွက် သိန်း ၅၀၀ သုံး ကျင်းပမည်

ရန်ကုန်တိုင်းအစိုးရ အမျိုးသားနေ့အတွက် သိန်း ၅၀၀ သုံး ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဦးဆောင်ကျင်းပမည့် အမျိုးသားအောင်ပွဲနေ့အား သိန်း ၅၀၀ ခန့် အကုန်အကျခံ သုံးစွဲ သွားမည်ဖြစ်ကြောင်း အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပရေး  ဦးစီအတွင်းရေးမှူး ဦးသော်တာအောင်က ဆိုသည်။

"ဘတ်ဂျက် ကိုတော့ နိုင်ငံသူနိုင်ငံသားများ၏ အလှူငွေနဲ့ ကျင်းပမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဘတ်ဂျက်အနေနဲ့ ထည့်ဝင်တာလေးတော့ အနည်းငယ် ပါ၀င်မှာဖြစ်ပါတယ်။ အများဆုံး သိန်း ၅၀၀ လောက် အထိ သုံးဖို့ရှိပါတယ်" ဟု ဦးသော်တာအောင်က ပြောသည်။

နို၀င်ဘာ ၁၈ ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် Media Corner ၌ ပြုလုပ်သည့် (၉၆) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပရေးနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေးမှသည် ငြိမ်းချမ်းရေးသို့ ဦးတည်သွားနိုင်ကြောင်း ယုံကြည်သည့်အတွက် အမျိုးသား အောင်ပွဲနေ့ ကျင်းပရခြင်းဖြစ်ကြောင်း ၉၆ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပရေးကော်မတီ ဥက္ကဌ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောဆိုခဲ့သည်။

"ကျွန်တော်တို့တိုင်းပြည်မှာ ဒီနေ့လိုအပ်နေတဲ့ ပကတိလိုအပ်ချက်က အားလုံးပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ လိုအပ်ချက်ရှိပါတယ်။ အမျိုးသားညီညွတ်ရေး လိုအပ်နေတယ် ၊ အမျိုးသားညီညွတ်ရေးကနေ ငြိမ်းချမ်းရေးကို ဦးတည်မယ်။ အဲ့အတွက်ပဲ ရည်ရွယ်ပြီးလုပ်တာပါ" ဟု ဦးနိုင်ငံလင်းကပြောသည်။

၉၆ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ခေါ်ဝေါ်သုံးစွဲသွားမည်ဖြစ်ပြီး အမျိုးသားညီညွတ်မှုကို အခြေခံသော ပြုပြင်ပြောင်းလဲမှုများ ပေါ်ထွန်းရေး၊ လွတ်လပ်မှုကို လေးစား တန်ဖိုးထားတတ်ရေး၊ လွတ်လပ်ရေး ၊ဒီမိုကရေစီရေးကြိုးပမ်းမှုများ၏ သမိုင်းတစ်လျှောက် ကျောင်းသားထု၏ အခန်းကဏ္ဍကို ထင်ဟပ်စေရေး စသည့် ရည်ရွယ်ချက် သုံးချက်ဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။

အမျိုးသားညီညွတ်မှုမှသည် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဆီသို့ ဟူသည့် ဆောင်ပုဒ်ကို သုံးစွဲသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ဦးနေဘုန်းလတ်က ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly