ထီးလိုမင်းလို ဘုရားပြုပြင်ခြင်းကို ဝေဖန်တိုက်ခိုက်ခြင်းဟာ နိုင်ငံရေးကြောင့်ဖြစ်ကြောင်း ရွှေပြည်တော်သို့ ဆုံမှတ် ပရဟိတအသင်းဆို

ထီးလိုမင်းလို ဘုရားပြုပြင်ခြင်းကို ဝေဖန်တိုက်ခိုက်ခြင်းဟာ နိုင်ငံရေးကြောင့်ဖြစ်ကြောင်း ရွှေပြည်တော်သို့ ဆုံမှတ် ပရဟိတအသင်းဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ။               ။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ထီးလိုမင်းလိုဘုရား ပြုပြင်ခြင်းကို ဝေဖန်တိုက်ခိုက်မှုများသည် နိုင်ငံရေး လုပ်ဆောင်နေခြင်းဆိုသည့် အတွေးများကြောင့်   ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ရွှေပြည်တော်သို့ ဆုံမှတ် ပရဟိတအသင်း အတွင်းရေးမှူး ဦးအောင်ပိုင်မင်းက မဇ္စျိမသို့ ပြောသည်။

"အဓိက ကတော့ ဘဘကြီး ဦးသိန်းစိန်နဲ့ ဇနီးဒေါ်ခင်ခင်ဝင်းကို အမှူးထားပြီး လုပ်တယ်ဆိုတဲ့အတွေးနဲ့ ကျွန် တော်တို့ကို နိုင်ငံရေးလုပ်တယ်ဆိုပြီး တိုက်ခိုက်တယ်လို့ပဲ ယူဆပါတယ်" ဟု ဦးအောင်ပိုင်မင်းက ပြောသည်။

ထီးလိုမင်းလိုဘုရားပြုပြင်ရာတွင် ချိတ်ဆွဲထားသည့် ဗီနိုင်းမှာ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် နှင့် ဇနီး ဒေါ်ခင် ခင်ဝင်းတို့အား အမှူးထားပြီး ရ ရက်သားသမီး စုပေါင်းအလှူဖြင့် ဘက်စုံပြန်လည်ပြုပြင်ခြင်း လုပ်ငန်းခွင် စာသားပါရှိပေမယ့် အသင်းနှင့် သမ္မတဟောင်း ဦးသိန်းစိန် တစ်စုံတရာ ပတ်သက်ခြင်း မရှိသလို ဘုရားပြုပြင်ရန် အလှူငွေလှူ ဒါန်းထားခြင်လည်း မရှိကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထီးလိုမင်းလိုဘုရားကိုပြုပြင်ရန် ငြမ်း ဆင်ဆောင်ရွက်နေသည့် ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတအသင်းကို ခွင့်ပြုချက်မရှိဘဲ   ပြုပြင်တာတွေ မလုပ်ဖို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက နိုဝင်ဘာ ၁၆ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန် ထားသည်။

ထို့အပြင် ထီးလိုမင်းလို ဂေါပကအဖွဲ့အား ဘုရားပြုပြင်ရန် ခွင့်ပြုပိုင်ခွင့်မရှိသည်များကို ခွင့်ပြုထားခြင်းကြောင့် စစ်ဆေးနေကြောင်း စစ်ဆေးတွေ့ရှိချက်အပေါ်မူတည်ပြီး တည်ဆဲဥပဒေများအတိုင်း အရေးယူသွားမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ဆိုသည်။

"ဘုရားတွေပြုပြင်ထိန်းသိမ်းဖို့အတွက် ကျွန်တော်တို့ ဌာနကိုယ်တိုင်က မဆောင်ရွက်သေးပါဘူး။ ဘယ်သူကိုမှလည်း ခွင့်ပြုထားတာ မရှိသေးပါဘူး။ အရေးပေါ်ထိန်းသိမ်းရေး လုပ်ငန်းတွေလောက်သာ   ဆောင်ရွက်ဆဲ ဖြစ်ပါတယ်" ဟု ဦးအောင်အောင်ကျော်က ပြောသည်။

ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းအနေဖြင့် ရှေးဟောင်းသုတေသနအသင်း၏ ကြီးကြပ်မှုကိုခံယူပြီး  ဂေါပကအဖွဲ့၏ ထောက်ခံချက်ဖြင့် ဘုရားကို ပြင်ဆင်ခြင်းသာဖြစ်ကြောင်း ဦးအောင်ပိုင်မင်းက   ပြောသည်။

ရှေးဟောင်း အဆောက်အအုံကို ဖျက်ဆီးခြင်း၊ ပျက်စီးစေရန် ဆောင်ရွက်ခြင်း၊ ရှေးဟောင်း အဆောက်အအုံ၏ မူလပုံသဏ္ဌာန်ကိုဖြစ်စေ၊ မူလလက်ရာကိုဖြစ်စေ   ပြောင်းလဲစေရန်ပြုလုပ်ခြင်း၊   ရှေးဟောင်းအဆောက်အအုံ၏ မူလအစိတ်အပိုင်းများ၊ အနုပညာ လက်ရာပစ္စည်းများကို ဖြုတ်ခွာခြင်း၊ ဖယ်ရှားခြင်းပြုလုပ်လျှင် ရှေးဟောင်း အ ဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၉ ကို ကျူးလွန်ခြင်းဖြစ်သဖြင့် ပုဒ်မ ၂၄ အရ အရေးယူအပြစ်ပေးခြင်း ခံရမည်ဖြစ်ကြောင်း သာသနာရေးရာဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly