ရခိုင်အကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာ ၂၀၁၇နှစ်ဆန်းပိုင်း၌ အစိုးရထံ တင်ရန်ရှိနေ

ရခိုင်အကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာ ၂၀၁၇နှစ်ဆန်းပိုင်း၌ အစိုးရထံ တင်ရန်ရှိနေ
ဓါတ်ပုံ- RIA

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ။             ။ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာတစ်စောင်ကို ၂၀၁၇ နှစ်ဆန်းပိုင်းတွင် အစိုးရထံတင်ပြရန်ရှိကြောင်း ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သည့်  ဟာဂျီအေးလွင်က မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့ အကြံပြုစာတင်ဖို့က နှစ်ဆင့်ရှိပါတယ်။ ကြားဖြတ်အစီရင်ခံစာတစ်ခုကို ၂၀၁၇ အစောပိုင်းမှာ တင်မှာပေါ့နော်။ ပြီးရင် ကျွန်တော်တို့သက်တမ်းက နောက်နှစ် သြဂုတ်လဆို တစ်နှစ်ပြည့်ပြီလေ။ ၂၀၁၇ သြဂုတ်လ မတိုင်မီမှာ နောက်ဆုံးအကြံပြုစာကို တင်သွားဖို့ရှိပါတယ်" ဟု ဦးအေးလွင်က ဆိုသည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်သည် နိုဝင်ဘာ ၁၅ ရက်နေ့က သုံးရက်တာခရီးစဉ်အဖြစ် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဒုတိယအကြိမ်မြောက်သွားရောက်ခဲ့ပြီး စစ်တွေမြို့ရှိ   နှစ်ဘက်အသိုင်းအဝိုင်းနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံမှုအတွင်း ဒေသခံတွေအနေနှင့် စိုးရိမ်ပူပန်စိတ်တွေရှိနေကြောင်း ဦးအေးလွင်၏ ပြောဆိုချက်အရသိရသည်။

စစ်တွေမြို့က ဒေသခံမွတ်စလင်များနှင့် ကော်မရှင် တွေ့ဆုံရာတွင် မောင်တောတိုက်ခိုက်မှုများကို ဒေသခံတွေ အနေဖြင့်လက်ခံခြင်း မရှိဟု ကော်မရှင်ကို ပြောဆိုခဲ့ကြောင်း   ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဟာဂျီဦးအေးလွင်က ဆိုသည်။

"သူတို့အားလုံးသုံးသပ်တာကတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့နဲ့ ဟိုဘက်ကလူတွေနဲ့ဖြစ်တဲ့ ကိစ္စလို့ပဲ သုံးသပ်တယ်လေ" ဟု ဦးအေးလွင်က ပြောသည်။

ကော်မရှင်အဖွဲ့ခေါင်းဆောင် ကိုဖီအာနန်အနေဖြင့် ယခုခရီးစဉ်တွင် လိုက်ပါလာခြင်းမရှိသော်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောတွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိနေကြောင်း ထုတ်ပြန်ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ထားသည်။

ယခုခရီးစဉ်တွင် ကော်မရှင်အနေဖြင့် မောင်တောသို့သွားရန် ဒေသလုံခြံုရေးအခြေအနေမပေးသဖြင့် ၂၀၁၂ခုနှစ် ပဋိပက္ခအတွင်းက စစ်တွေမြို့သို့ လာရောက်တိမ်းရှောင်နေရသည့် ဒုက္ခသည်များနှင့်သာ တွေ့ဆုံခဲ့ရသည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly